Blogger Template by Blogcrowds.

ငယ်ချစ် သူငယ်ချင်း... (ဇာတ်သိမ်း)

( အဲဒီစာမျက်နှာထဲမှာ ရေးထားတာကတော့…. )
အဲဒီ စာမျက်နှာထဲမှာ သူဟာ ကိုမာ(Coma) ဖြစ်နေတယ် ဆိုတဲ့ အကြောင်း ရေးထားပါတယ်။ သူ့အိမ်က ကျွန်မကို အကြောင်း ကြားလိုက်တာပါ။ ဒီအကြောင်းကို သိသိချင်းမှာ အရမ်းကို တုန်လှုပ် ခြောက်ခြား သွားခဲ့ရတယ်။ ကျွန်မဟာ အိမ်ထဲကို ချက်ချင်း ပြေးဝင်သွားပြီး သူ့ဆီလိုက်သွားဖို့ အတွက် ကျွန်မရဲ့မိဘတွေကို ခွင့်တောင်းခဲ့တယ်။ ကျွန်မကို ချစ်ကြတဲ့ မိဘနှစ်ပါးဟာ ကျွန်မရဲ့ တောင်းဆိုချက်ကို (ဆမ်ရဲ့ အခြေအနေကိုလဲ သိလိုက်တဲ့အတွက်) လွယ်လွယ်ကူကူပဲ ခွင့်ပြုခဲ့တဲ့အပြင် လေယာဉ် လက်မှတ်ပါ စီစဉ် ပေးခဲ့ပါတယ်။ ကံကောင်းတာက နောက်ဆုံးထွက်မယ့် လေယာဉ်ကို မှီလိုက်တာပါပဲ။

ဆမ်တို့မြို့ကို ရောက်ရောက်ချင်းပဲ သူရှိတဲ့ ဆေးရုံကို ကျွန်မ အရင်ဆုံးသွားခဲ့တယ်။ ကျွန်မလေ သူ့ကို အရမ်းတွေ့ချင်နေခဲ့တယ်။ အရမ်းလဲ စိုးရိမ်ခဲ့ရတယ်။ သူ… အဆင်မှ ပြေပါ့မလား။

ဆမ်ရှိတဲ့ အခန်းကို ဝင်လိုက်တဲ့ အချိန်မှာ ကျွန်မရဲ့ နှလုံးခုန်သံတွေ အရမ်း မြန်လာပြီး ရင်ဘတ် တစ်ခုလုံး ဗြောင်းဆန်သွားပါတယ်။ သူ့တစ်ကိုယ်လုံးမှာ ပတ်တီးတွေ အပြည့် စည်းထားရတယ်။ ကျွန်မအရမ်း စိတ်မကောင်း ဖြစ်ရသလို သူ့ကိုလဲ အရမ်း သနားပါတယ်။ သူ ဒီလိုဖြစ်ရတဲ့ အကြောင်းကို သူ့အမေက ကျွန်မကို ပြောပြတယ်။ “သူ့ရဲ့ ဒိုင်ယာရီ စာအုပ်ကို ကိုင်ပြီး စာရေးနေရင်းနဲ့ လမ်းဖြတ်ကူးလိုက်တာ ကားတိုက်ခံရတာ”တဲ့။ အဲဒီ ဒိုင်ယာရီ စာအုပ်က အခု ကျွန်မဆီ ရောက်နေပါပြီ။ ကျွန်မ ဖွင့်ဖတ်လိုက်တယ်။ ပထမဆုံး စာမျက်နှာမှာ ရေးထားတာ ကတော့…….

စက်တင်ဘာ (၁၇) ၂ဝဝ-
(ဒီနေ့ဟာ ကျွန်မ ဒီမြို့လေးနဲ့ သူ့ကို ခွဲခွာ သွားတဲ့နေ့ပဲဆိုတာ ကျွန်မ တွေးလိုက်မိတယ်။)
အောက်မှာ ရေးထားတာ တွေကတော့…….
ဒီနေ့ ကက်ဟာ ငါ့ကိုထားပြီး ထွက်သွားပြီ။ သူဒီလို ထွက်သွားတဲ့ အတွက် သူ့ကို စိတ်ဆိုးမိတယ်။ ဒါကြောင့် လေယာဉ်ကွင်းကို ငါ မသွားခဲ့ဘူး။ ဒါပေမယ့် ငါမနေနိုင်ခဲ့ဘူး။ ငါ့အပြစ်ကို ဝန်ခံဖို့ အတွက်နဲ့ သူမကို ဘယ်လောက် ချစ်တယ်ဆိုတာ ပြောပြဖို့ အတွက် သူမဆီကို လိုက်သွားသင့်ပေမယ့် အရမ်းကို နောက်ကျသွားခဲ့ပြီ။ အခုတော့ ငါ အရမ်းကို ခံစားနေရပြီလေ။ သူနဲ့ တူတူရှိခဲ့တဲ့ အချိန်တွေကို ငါ ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ဘူး။ သူနဲ့အတူ လိုက်သွားနိုင်ဖို့ ဆုတောင်းမိပါတယ်။ ကက်ကို ငါ အရမ်း ချစ်တယ်….

ဆမ်ရဲ့ ဒိုင်ယာရီကို ဖတ်နေရင်း ကျွန်မရဲ့ မျက်ဝန်းမှ မျက်ရည်များ စီးကျလာပါတယ်။ ကျွန်မ ထွက်သွားတဲ့နေ့ကစပြီး သူ ဒိုင်ယာရီတွေကို စရေးခဲ့တယ် ဆိုတာလဲ သိလိုက်ရသလို သူ့အပေါ်လဲ အရမ်း သနားခဲ့ရပါတယ်။ ပိုပြီး ဝမ်းနည်းစရာ ကောင်းတာက သူလဲ ကျွန်မကို ချစ်နေတာ ကျွန်မ မသိခဲ့တာပါပဲ။ စာရွက်တွေ လှန်ဖတ်နေရင်း နောက်ဆုံး စာမျက်နှာကို ရောက်လာပါတယ်။

မတ် (၂၆) ၂ဝဝ-
ငါ့ရဲ့ အပြစ်တွေကို ဝန်ခံဖို့ အတွက် ကက်သရင်းနဲ့ အရမ်း တွေ့ချင်နေပြီ။ သူနဲ့တွေ့ဖို့ မစောင့်နိုင်တော့ဘူး။ သူလဲ ငါ့ကို မြင်ရင် ဝမ်းသာမှာပဲလေ။ ကက်သရင်းရေ.. အရမ်း လွမ်းတယ်ကွာ။ အခုအချိန်မှာ ကက်သရင်းသာ ငါ့အနား ရောက်လာပြီး ငါ့ကို ပွေ့ဖက်ထားမယ်ဆိုရင် ဘယ်လောက် ကောင်းလိမ့်မလဲ။ နောက်ပြီး ငါနဲ့ ဝေးရာကို ဘယ်တော့မှ ထွက်မသွားတော့ဘူးဆိုရင်

ဆမ်ရေးထားတဲ့ ဒိုင်ယာရီဟာ အဲဒီနေရာမှာ ရုတ်တရက် ရပ်သွားပါတယ်။ ဒီစာ ရေးနေတုံး သူဘာတွေ ဆက်ဖြစ်ခဲ့လဲ ဆိုတာ ကျွန်မဖြင့် တွေးတောင် မတွေးရဲပါဘူး။ သူ့ကို တချက် ငဲ့ကြည့်လိုက်မိတဲ့ နောက်မှာတော့ ကျွန်မရဲ့ ပါးပြင်ပေါ်ကို မျက်ရေတွေ ဒလဟော စီးကျ လာပါတော့တယ်။ ကျွန်မ သူ့ရဲ့ လက်ကို တင်းတင်း ဆုပ်ကိုင်ထားတယ်။ ဟိုအရင် အချိန်တွေက ကျွန်မဟာ သူနဲ့အတူ ဒီလိုမျိုး အတူတူ ရှိနေဖို့ ဆုတောင်း ခဲ့တာပေါ့။ အခုတော့…

ကျွန်မ ရင်ထဲမှာ တစစ်စစ်နဲ့ နာကျင် လာပါတယ်။ သူ့ရဲ့ ဒိုင်ယာရီ စာအုပ်ကို ပြန်ဖွင့်ပြီး ဖတ်မိတယ်။ နောက်ပိုင်း စာမျက်နှာတွေ ကတော့ ဘာမှ မရေးထားပါဘူး။ ဒီလို ကြည့်နေတုံးမှာ စာအုပ်ထဲက စာတစ်စောင် ထွက်ကျလာပါတယ်။ စာအိတ်ပေါ်မှာ ကျွန်မ နာမည် ရေးထားတယ်။ စာက ကျွန်မဆီကို ရေးထားတဲ့စာပါ။ စာကို ကျွန်မ ဖွင့်ဖတ်လိုက်တယ်…

ချစ်ရတဲ့ ကက်ရေ…

ဒိုင်ယာရီ စာအုပ်ကို ဖတ်ပြီးသွားရင် စာအုပ်ရဲ့ ကျန်တဲ့ တစ်ဝက်ကို ကက်အနေနဲ့ ရေးစေချင်တယ်။ ကက်ရေ.. မင်းကို အရမ်း လွမ်းတယ်ကွာ။ ကက်.. မင်းကို ကိုယ် တောင်းပန်ပါတယ်ကွာ။ ကက် ကိုယ့်ကို ဖုန်းဆက်တိုင်း ကိုယ်နဲ့ လွဲနေတာ ကိုယ် တကယ်ကို အလုပ် ရှုပ်နေလို့ပါ။ ကိုယ် အခု အလုပ် လုပ်နေပါပြီ။ ကျောင်းလဲ ပြီးတော့မယ်။ မင်းဆီကို အရောက်လာပြီး မင်းကို အံ့သြသွားစေချင်လို့ မင်းကို မပြောပဲ နေခဲ့တာပါ။ မင်းကို တွေ့ဖို့ ကိုယ် မစောင့်နိုင်တော့ဘူး။ ဒီ ၂နှစ်ဆိုတဲ့ အချိန် အတွင်းမှာ မင်းရဲ့လိပ်စာကို ကိုယ် တကယ် မသိခဲ့ပါဘူး။ အဲဒီ အတွက် ကိုယ် တကယ် စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ မင်းရဲ့ ဆွေမျိုး သားချင်းတွေ ဆီမှာလဲ ကိုယ် လိုက်စုံစမ်း ခဲ့ပါတယ်။ မင်းဆီက လာတဲ့ အီးမေးလ် တွေကိုလဲ ပြန်ပို့ဖို့ ကိုယ် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ် အဆင်မပြေလို့ မပို့နိုင်ခဲ့ဘူး။ မင်းကို ကိုယ်က ဂရုမစိုက်လို့ ဒီလိုလုပ်တာ မဟုတ်ပါဘူး။ မင်း အဲဒီလို ယူဆသွားမှာကို ကို အရမ်း ကြောက်ခဲ့ပါတယ်။ တကယ်ပါ။ တကယ့်ကို ကိုယ် ကြိုးစားခဲ့ပါတယ်။ ကိုယ်ဟာ မင်းကို စတွေ့တဲ့နေ့ ကတဲက ချစ်ခဲ့တာပါ။ ဒါပေမယ့် ကိုယ်တို့ရဲ့ သူငယ်ချင်း မေတ္တာ ပျက်စီးသွားမှာ စိုးလို့ ကိုယ် ဖွင့်မပြောခဲ့ဘူး။ နောက်ပြီးတော့ မင်းက ကိုယ့်အပေါ်ကို သူငယ်ချင်း တစ်ယောက် အဖြစ်နဲ့တင် မဟုတ်ပဲ အစ်ကို တစ်ယောက်လိုပါ သဘောထားခဲ့တယ်။ အဲဒီထက် မပိုခဲ့ဘူးလို့ ကိုယ် ထင်ခဲ့တယ်။ ကက်ရယ်.. မင်းကို ကိုယ် ချစ်တယ်။ အရမ်းကို ချစ်ပါတယ် ကက်ရယ်…။ မင်းနဲ့ တူတူ ရှိနေဖို့ အရာရာကို ကိုယ် စွန့်လွှတ် နိုင်ပါတယ်….

အချစ်များနဲ့
ဆမ်

စာကို ဖတ်ပြီးတဲ့ အချိန်မှာပဲ ဆမ်နဲ့ တွဲချိတ်ထားတဲ့ ကိရိယာတွေ ဆီကနေ အချက်ပေး အသံတွေ ကြားလိုက်ရတယ်။ ကျွန်မ ဘာလုပ်ရမှန်း မသိအောင် တုန်လှုပ်သွားခဲ့တယ်။ စာအုပ်ကို ပစ်ချပြီး သူ့ဆီ ပြေးသွားမိတယ်။ နောက်တော့ နပ်စ်မလေးတွေကို အကူအညီ တောင်းဖို့ အော်ခေါ် တော့တာပါပဲ။

“ဆမ်ရယ်… ကက်နဲ့ တူတူနေပေးပါ… တူတူနေပါနော်… ကက်ကို မထားခဲ့ပါနဲ့… နော်… မထားသွားပါနဲ့… ဆမ့်ကို ကက် အရမ်း ချစ်ပါတယ် ဆမ်ရယ်…”

ကျွန်မ အရူး တစ်ယောက်လို အော်ဟစ် ငိုယိုနေမိတယ်။ အသားတွေ တဆတ်ဆတ် တုန်နေတဲ့ အထိပေါ့။ ကျွန်မလေ သူ့ကို မသေစေချင်ဘူး။ ကျွန်မကို ထားသွားတာကို မလိုချင်ဘူး။ ကျွန်မ ဘေးနားမှာ သူရှိနေပြီး ဒီအဖြစ် အပျက်တွေဟာ အိမ်မက်တွေပါလို့ ပြောစေချင်တယ်။ ဒါပေမယ့်.. ဒါတွေဟာ အိပ်မက်တွေ မဟုတ်ခဲ့ဘူး။ တကယ် ဖြစ်ပျက်နေတာ။ နောက်ဆုံးတော့ သူ တကယ် သေဆုံးသွားခဲ့တယ်။ ကျွန်မကတော့ ကျန်တဲ့ ဘဝ နေ့ရက်တွေကို ကျန်တဲ့ ဒိုင်ယာရီ စာအုပ် တစ်ဝက်နဲ့အတူ ဖြတ်သန်း ရတော့မယ်။ ဒီစာအုပ်ထဲမှာ ကျွန်မရဲ့ ဘဝ တစ်လျှောက်လုံး ဒိုင်ယာရီတွေ ရေးသွားမှာပါ။ ရေးရင်းနဲ့ စာအုပ် ကုန်သွားလို့ နောက်တစ်အုပ်နဲ့ ထပ်ရေးမယ် ဆိုရင်တောင်မှပဲ ဒီစာအုပ် အဟောင်းလေးလောက် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဒီ စာအုပ်လေး ထဲမှာ ဆမ်ရဲ့ အငွေ့ အသက်တွေ စီးဝင် နေတယ်လေ။ ကျွန်မ သူ့ကို အမြဲတမ်း သတိရနေမှာပါ။ ကျွန်မအတွက် အကောင်းဆုံး သူငယ်ချင်း ဖြစ်ခဲ့တာတွေ၊ ကျွန်မရဲ့ အခက်အခဲ တွေကို အမြဲတမ်း ဖြေရှင်း ပေးခဲ့တာတွေ၊ ကူညီ ဖေးမခဲ့တာတွေ၊ စောင့်ရှောက် ပေးခဲ့တာတွေကို ကျွန်မ ဘယ်လိုမှ မေ့လို့ရမှာ မဟုတ်ပါဘူး။ သူလဲ ကျွန်မကို အရမ်း ချစ်တယ်ဆိုတာ ကျွန်မ သိလိုက်ရတဲ့ အချိန်မှာ သူ့ကို ကျွန်မ အနားကနေ ထွက်ခွာ မသွားစေချင်ပါဘူး။ သူ့ကို ကွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ သူဟာ ကျွန်မဘဝရဲ့ အရေး အပါဆုံးသူ တစ်ယောက်ပါ။ ကျွန်မရဲ့ သူငယ်ချင်း တွေထဲက အကောင်းဆုံးသော သူငယ်ချင်းလဲ ဖြစ်တယ်။ ဒါအပြင် အချစ်ဆုံးသော သူငယ်ချင်း တစ်ယောက်လဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ အချစ်ဆုံး သူငယ်ချင်းကနေ အချစ်ဆုံး ချစ်သူတွေ အဖြစ် ပြောင်းလဲဖို့ နောက်ကျသွားပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူလဲ ကျွန်မကို အရမ်းချစ်ခဲ့တယ်။ ကျွန်မကလဲ သူ့ကို အရမ်းချစ်တယ်။ ကျွန်မတို့ရဲ့ သန့်ရှင်းတဲ့ သူငယ်ချင်း အချစ်ကို အမြဲတမ်း အမှတ်ရနေမှာပါ။ ဆမ် တစ်ယောက် ကောင်းကင်ဘုံမှာ ပျော်ရွှင်ပါစေလို့ ကျွန်မ ဆုတောင်း လိုက်ပါတယ်။ တကယ်ပါ…။ ကျွန်မလေ… သူ့ကို အရမ်း ချစ်ပါတယ်…....။။


(အနီးစပ်ဆုံး အဓိပ္ပါယ် တူအောင်နဲ့ ဖတ်လို့ အဆင်ပြေအောင် ပြန်ဆို ထားပါတယ်... မူရင်း ဝတ္ထုတိုလေးကို ဒီမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်... မူရင်းအဓိပ္ပါယ်နဲ့ အလွန် ကွဲလွဲနေပါက ဘာသာ ပြန်ဆိုသူ ကျွန်တော် မိုးသောက်(ရှမ်းလေး)ရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်ခင်ဗျာ... ချစ်ခြင်း မေတ္တာတရားက အရမ်း လေးနက်ပါတယ်။ မျှဝေ ခံစားနိုင်ကြပါစေ….)

9 Comments:

  1. Sein Lyan Tun said...
    ကောင်းတယ်ညီ..
    အားပေးတယ်..
    ဘာသာပြန်တာအရမ်းတော်တယ်...
    ခံစားသွားပါတယ်..
    နောက်လဲ ရေးပါ..မျှော်နေပါတယ်..
    Welcome said...
    ဇာတ်သိမ်းပိုင်းလေး လာဖတ်ပါတယ်။
    ဇာတ်သိမ်းတာလေး ကောင်းမွန်တယ်။
    ဘာသာပြန်စာသားတွေ ပြေပြစ်တယ်။
    နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။
    အားပေးလျက် အသစ်မျှော်နေပါမယ်။
    Phu Mon said...
    ဘာသာပြန်တာတော်တယ်... :D
    အောင်မြေ said...
    တကူးတက အလည်ရောက်လာလို့ ၀မ်းသာပါတယ်။ ဘာသာပြန် စာလေးတွေ လေ့လာသွားပါတယ်။
    Anonymous said...
    ဇာတ်သိမ်ေးလးက ကြေကွဲစရာနော်...
    ဒါက ဘာသာပြန်တဲ့လူ တော်လို့ပေါ့...း)
    နောက်လည်း အားပေးနေမယ်။ နောက်လည်းတင် မကဘူး။ ပို့စ်အသစ်တိုင်း အသစ်တိုင်းအားပေးနေမယ် ဘော်ဒါကြီးရေ... ကောင်းတယ် ကောင်းတယ်...
    နေ့အိပ်မက် said...
    ဒီလောက်ကောင်းတာ ဘာသာပြန်တာမထောင့်ဘူး. မြန်မာနာမည်တွေနဲ့ဆို ဘာသာပြန်မှန်းတောင်သိမှာမဟုတ်ဘူး.....
    နေ့အိပ်မက် said...
    ဟီး.. အဲဒါနေ့အိပ်မက်နော်.. နာမည်နဲ့လုပ်တာမရလို့..
    မိုးသောက်(ရှမ်းလေး) said...
    အခုလို အားပေးကြတဲ့၊ ချီးကျူးကြတဲ့ သယ်ရင်း ညီအစ်ကို မောင်နှမများကို အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ... ကျွန်တော်အမြဲကြိုးစားသွားပါ့မယ်... အစ်ကိုများ၊ အစ်မများနဲ့ သယ်ရင်းများပြောသလောက် မဟုတ်သေးပါဘူး... လိုအပ်ချက်တွေရှိနေတုံးပါခင်ဗျာ... ဘယ်လိုပဲဖြစ်ဖြစ် အားပေးစကားတွေကြောင့် ကျွန်တော် အားတွေအများကြီးရှိသွားတာတော့ အမှန်ပါပဲ... အရမ်းကျေးဇူးတင်ပါတယ်...
    mgnge said...
    ကောင်းပါတယ် ဗျာ..။
    ဖတ်ရတာ အစဉ်ပြေတယ်...။
    ရသလေးလည်း မြောက်ပါတယ်...။
    အဆင်ပြေ ပျော်ရွှင်ပါစေဗျာ...။

Post a Comment



Newer Post Older Post Home