Blogger Template by Blogcrowds.

Showing posts with label သီချင်းခံစားမှု. Show all posts
Showing posts with label သီချင်းခံစားမှု. Show all posts

မှတ်တိုင်

မိုးရွာနေတဲ့ နေ့တစ်နေ့မှာ ကျွန်တော်လေ..... သူမနဲ့ စတွေ့ခဲ့တယ်... အဲဒီနေ့က....

မိုးကျလာပြီ။ ဟူး....။ ထီးလဲ မပါလာဘူး။ အရင်ကလဲ ယူနေကျမဟုတ်တော့ ထီးမပါတာ ကျွန်တော့် အတွက်တော့ မဆန်းပါဘူးလေ။ ကားဂိတ်မှာ ကားစောင့်တဲ့သူတွေ တဖြေးဖြေးနဲ့ နည်းလာပြီ။ လမ်းပေါ်မှာ မာကျူရီ မီးရောင်တွေ ဖြာကျလာတယ်။ မိုးဖွဲဖွဲကြားထဲက မီးရောင်အောက်မှာ လမ်းမကြီးဟာ ရောင်စုံကားတွေနဲ့ လှပနေသလိုလို။
ဘတ်စ်ကားတွေကလဲ မလာသေးဘူးလား မသိပါဘူး။ ကြာလိုက်တာ။ ဒီနေ့မှ အလုပ်က နောက်ကျမှ ပြီးတယ်။ အိမ်ပြန်ဖို့ နဲနဲနောက်ကျနေပြီ။ ဒီကားဂိတ်က အမိုးအကာ မရှိတော့ မိုးရွာထဲမှာပဲ ရပ်စောင့်ရတော့မယ် ထင်ပါရဲ့။
ဟိုဒီငေးနေရင်းနဲ့ ကျွန်တော် ရပ်နေတဲ့ ကားဂိတ်ဘက်ကို ဟိုဘက်လမ်းကနေ သုတ်သုတ် သုတ်သုတ်နဲ့ ဖြတ်ကူးလာတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့လိုက်တယ်။ မျက်နှာက ထီးနဲ့ ကွယ်နေတော့ မမြင်ရဘူး။ ဒါပေမယ့် မိန်းကလေးငယ်ငယ် တစ်ယောက် ဆိုတာတော့ သိသာပါတယ်။ အမှတ်တမဲ့ပါပဲ။ မျက်စိ ရှေ့မှာမို့လို့ ကြည့်နေမိတာထက် မပိုပါဘူး။
အဲဒီအမှတ်တမဲ့က နောက်တခဏအကြာမှာ တစ်ဘဝစာအတွက် အမှတ်တရ ဖြစ်လာမယ်ဆိုတာ အဲဒီအချိန်တုံးက ကျွန်တော် မသိခဲ့ဘူး။
ကောင်မလေးက ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ ရပ်နေတယ်။ သူလဲ အိမ်ပြန်ဖို့ ဘတ်စ်ကား စောင့်နေတယ် ထင်တယ်။ သူမ ဘေးစောင်းလေး ရပ်နေတဲ့ နေရာက ကျွန်တော်နဲ့ တည့်တည့် ဖြစ်နေတဲ့ အတွက် သူမကို မြင်နေရတယ်။ ဆံပင်တွေက မတိုမရှည်လေး ပေမယ့် နက်မှောင်သန်စွမ်းတဲ့ ဆံပင်တွေမှန်း မာကျူရီ မီးရောင်အောက်မှာ ခန့်မှန်းလို့ရတယ်။ အင်္ကျီအနီ လက်တိုလေး ဝတ်ထားတဲ့ သူမရဲ့ အသားအရည်က ဝင်းဝါနေတယ်။ အဖြူခံပေါ်မှာ အပွင့်လေးတွေပါတဲ့ ထမီလေးကို ချပ်ချပ်ရပ်ရပ် ဝတ်ထားတယ်။ အခုမှ သတိထားမိတယ်။ သူမ ဆောင်းထားတဲ့ ထီးကလေးကလဲ အဖြူရောင်လေးပဲ။ သူမမျက်နှာတော့ မမြင်ရဘူး။ ဘာလို့လဲဆိုတော့ ဘတ်စ်ကား လာမယ့်ဘက်ကို သူမ မျှော်ကြည့်နေတယ်လေ။ ခြုံငုံကြည့်ရင် တော်တော်လှတဲ့ ကောင်မလေး တစ်ယောက်ဆိုတာ သိသာပါတယ်။ သူမကို ကျွန်တော် ငေးကြည့်ပြီး အတွေးထဲ မျောနေတဲ့ အချိန်မှာ သူမက ရုတ်တရက် ကျွန်တော့ဘက်ကို လှည့်ကြည့်လာတယ်။ ကျွန်တော်နဲ့ မျက်လုံးချင်း ဆုံမိသွားတယ်။ အိုး…… ချစ်စရာ ကောင်းလိုက်တာ…။ အသက်ရှူ မှားမတတ် ဖြစ်သွားတဲ့ ကျွန်တော် သူမကို ငေးကြည့်နေမိတယ်။ သူမလဲ ကျွန်တော် အကြောင်သားနဲ့ ငေးနေလို့ ရှက်သွားတယ် ထင်ပါရဲ့။ မျက်နှာကလေး နီပြီး တဖက် လှည့်သွားတယ်။ ကျွန်တော်လဲ ထူပူသွားတာပဲ။ မိုးစိုလို့ ချမ်းနေတာတောင် ဘယ်ပျောက်သွားမှန်း မသိဘူး။
ဘတ်စ်ကား တစ်စီးလာပြီ။ ဒါ ကျွန်တော် စီးရမယ့်ကားမဟုတ်ဘူး။ ကားဂိတ်က လူတွေ တော်တော် များများ ကားပေါ် တက်သွားကြတယ်။ ကားထွက်သွားတော့ ကားဂိတ်မှာ လူတွေ နည်းနည်းပဲ ကျန်တော့တယ်။ သူမနဲ့ ကျွန်တော် အပါအဝင်ပေါ့။ မိုးက ပိုသဲလာသလိုပဲ။ ကျွန်တော့် တစ်ကိုယ်လုံးလဲ မိုးရေတွေ စိုကုန်ပြီ။
ကျွန်တော်ကတော့ ဘေးလွယ်အိတ် ကလေးကို ပိုက်ပြီး ရပ်နေမြဲရပ် နေတယ်။ ရပ်နေတယ် ဆိုတာထက် သူမကို ငေးနေတယ်ဆိုရင် ပိုမှန်မယ်။ ချစ်စရာကောင်းတဲ့ သူမ မျက်နှာလေးကို နောက်တစ်ခါလောက် ပြန်မြင် တွေ့ချင်စိတ်တွေ အရမ်းပြင်းပျ နေတယ်လေ။
သူမ ကျွန်တော့်ဘက်ကို ပြန်လှည့်လာတယ်။ ကျွန်တော်နဲ့ မျက်လုံးချင်း ထပ်ဆုံပြန်ပြီ။ ကျွန်တော် ဘာလုပ်ရမှန်း မသိတာနဲ့ ခေါင်းငုံ့လိုက်မိတယ်။ ပြန်မော့ကြည့်လိုက်တော့ သူက ပြုံးပြီး တစ်ဖက်ကို လှည့်သွားတယ်လေ။
အဲဒီအချိန်မှာ ဘတ်စ်ကားတစ်စီး ထပ်ရောက်လာတယ်။ ဒါလဲ ကျွန်တော်စီးရမယ့် ကားမဟုတ်သေးဘူး။ ဒါပေမယ့် သူမစီးရမယ့် ကား ဖြစ်မယ်ထင်တယ်။ အိမ်ပြန်ရတော့မှာမို့လို့ သူမ မျက်နှာလေးက ကြည်လင်ဝင်းပနေတယ်။ ဘတ်စ်ကားက နဲနဲအရှိန်လွန်ပြီး ဂိတ်ကို ကျော်ရပ်တယ်။ အဲဒါကြောင့် သူမဟာ ခြေလှမ်းသွက်သွက်လေးနဲ့ ကျွန်တော့်ကို ကျော်ပြီး ဘတ်စ်ကားဆီကို သွားဖို့ပြင်ဆင်နေပြီ။ သူမကို ကျွန်တော် ငေးကြည့်နေတုံးပဲ။ ဖြစ်နိုင်ရင် သူမကို အဲဒီနေရာမှာပဲ ရပ်နေစေချင် သေးတယ်လေ။
သူမ ကျွန်တော့်ရှေ့ကို ရောက်တဲ့အခါ ဘတ်စ်ကားဆီကို မသွားသေးပဲ ရုတ်တရက် ရပ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို ထီးလှမ်းပေးပြီး “ထီးယူထားလိုက်နော်… မိုးတွေက သဲလာနေပြီ… ရော့… ယူထားလိုက်… ကျွန်မသွားရတော့မယ်….” လို့ပြောတယ်။ ပြုံးပြီးပြောနေတဲ့ သူမရဲ့ ချိုသာတဲ့ အသံတွေက ကျွန်တော့် ပါးစပ်ကို အာစေးမိထားသလိုပါပဲ။ ကျွန်တော် ဘာမှ ပြန်မပြောနိုင်ဘူး။ ပြန်ပြောဖို့လဲ အချိန်မရလိုက်ဘူး။ သူမပေးတဲ့ ထီး အဖြူရောင်လေးကို လှမ်းယူလိုက်တဲ့ အချိန်မှာ သူမဟာ ကျွန်တော့်ရှေ့မှာ မရှိတော့ဘူး။ ကားပေါ်တက်သွားပြီ။ သူမ နာမည်လဲ မသိလိုက်ရသလို၊ ကျေးဇူးတင်စကားလေး တောင်မှ မပြောလိုက်ရဘူး။ ပြန်သတိဝင်လာချိန်မှာ အားလုံးဟာ နောက်ကျသွားပြီ ဆိုတာ သိလိုက်ရတယ်လေ။ သူမကို နောက်တစ်ခါ ထပ်တွေ့ချင်တယ်။ ကျွန်တော့်ရဲ့ သိစိတ်ကရော၊ မသိစိတ်ကပါ သူမကို စွဲလမ်းနေမိပြီ။ ကျွန်တော့ကို အိပ်မက်တွေ ပေးသွားခဲ့တဲ့ ကောင်မလေး ဘယ်ဆီမှာများ ရောက်နေလဲ…။

“နောက်နေ့တွေမှာ နေ့တိုင်းနေ့တိုင်း ဒီဘတ်စ်ကား မှတ်တိုင်လေးမှာ ကျွန်တော် အမြဲစောင့်နေခဲ့တယ်။ ညမိုးချုပ်တဲ့ အထိပေါ့ဗျာ။ ဒါပေမယ့် အဲဒီကောင်မလေးကို ထပ်မတွေ့တော့ဘူးဗျာ။ သူပေးတဲ့ ဒီထီးလေးကို ဘယ်သွားသွား အမြဲယူသွားတယ်လေ။ ဟိုမှာလာနေတဲ့ ဘတ်စ်ကားက ခင်ဗျား စီးရမှာ မဟုတ်လား။ သွားတော့လေဗျာ။ တော်တော် မိုးချုပ်နေပြီ။ ကျွန်တော် ပြောတာတွေကို မငြီးမငြူ နားထောင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ…”
ကားဂိတ်မှာ ကျွန်တော်နဲ့ ဒီလူ နှစ်ယောက်ပဲရှိတော့တယ်။ သူက ဘတ်စ်ကား စောင့်နေတာ။ သူဘယ်သူလဲ ကျွန်တော်မသိဘူး။ ကျွန်တော့်ကိုလဲ သူမသိဘူး။ ဒါပေမယ့် သဘောကောင်းပုံရတဲ့ သူက ကျွန်တော် ပြောသမျှတွေ နားထောင်ပေးရှာတယ်။ ကျွန်တော်ကလဲ ဘယ်လိုက ဘယ်လို ပြောဖြစ်သွားမှန်းမသိပါဘူး။
“ရပါတယ်…။ ဒါနဲ့ နေပါဦး။ ခင်ဗျားကရော မလိုက်ဘူးလား။ အခုတော်တော် နောက်ကျနေပြီလေ။ နောက်ကားတွေက ရှိဖို့တောင် မသေချာတော့ဘူး။ မိုးကလဲ ရွာဦးမလား မသိဘူး။”
“အင်း… ကျွန်တော် ဆက်စောင့်ချင်သေးတယ်။ ဒီမှာပဲ နေချင်လို့ပါ။ မလိုက်တော့ပါဘူး။ တွေ့နိုင်မှာ မဟုတ်မှန်းတော့ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ရပ်နေရတာ သူ့ကို မြင်နေရသလို ခံစားမိလို့ပါ….။ သူနဲ့ နီးနီးကပ်ကပ် နေနေရသလိုပါပဲ….။ ဒီညတော့ ဒီမှာပဲ သူပေးတဲ့ ထီးလေးနဲ့ အိပ်မက်မိုးတွေကို ကြိုဆိုနေပါတော့မယ်ဗျာ….”

(ကျွန်တော်က ထီးလေးနဲ့ အိပ်မက်မျှော်သူပေါ့…. အခု ဒီစာလေးကို ဖတ်နေတဲ့ သူငယ်ချင်းကတော့ ကျွန်တော်ပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင်ပေးနေတဲ့ ဘတ်စ်ကားစောင့်နေသူလေ....)

မှတ်တိုင်

ကြိုဆိုပါတယ် လေညှင်းများ
မာကျူရီရောင် လမ်းမများက ညရဲ့ အလင်းကဗျာ
ခြေရာတစ်စုံဟာ ပျောက်ဆုံးသွား
ငိုနေပါတယ် ငါ့ရဲ့နံဘေးနား
မင်းမရှိတော့တဲ့ ထိုင်ခုံလေး

ရောက်လာချိန်ဆို တမ်းတ ဝမ်းနည်းနေတဲ့သူ
မင်းခြေသံတွေက အဝေးက အမှောင်တွေကြားထဲ တိုးဝင်ပျောက်သွား
မှတ်တိုင်လေးမှာ ငါ့ကို ညတွေ လက်ဆောင်ပေးသွား….
ကံမဆုံခဲ့လဲလေ

အရောင်တွေမတူညီ ဘတ်စ်ကားများ
ဝင်လာပြန်ထွက်သွားနေကြတဲ့ ကားမှတ်တိုင်လေးမှာ
ငါအိမ်ပြန်ချိန်မှာ တွေ့ဦးမလား
နေဝင်လာချိန် မင်းကို ဘဝမှာ စတွေ့ခဲ့တဲ့ နေရာလေး…

ရောက်လာချိန်ဆို တမ်းတ ဝမ်းနည်းနေတဲ့သူ
မင်းခြေသံတွေက အဝေးက အမှောင်တွေကြားထဲ တိုးဝင်ပျောက်သွား
ဒီမှတ်တိုင်လေးမှာ ငါ့ကို ညတွေ လက်ဆောင်ပေးသွား….
ပြန်မဆုံခဲ့လဲလေ….

တေးဆို - ဝေဖြိုး
စီးရီးအမည် - မှတ်တိုင်
တေးရေး - ?????



မှတ်ချက် ။။ အဆိုတော် ဝေဖြိုး ရဲ့ မှတ်တိုင် စီးရီးထဲက "မှတ်တိုင်" ဆိုတဲ့ သီချင်းလေးကို ခံစားပြီး ရေးဖွဲ့ထားပါတယ်… သီချင်းကို နားထောင်ချင်တယ် ဆိုရင် ပြောပါ.... G-mail ကနေ တဆင့် ပို့ပေးပါ့မယ်... နားဆင် ခံစားကြည့်ပါ... ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်....

စောင့်နေဆဲပါချစ်သူ... (Right Here Waiting)

သမုဒ္ဒရာတွေ ခြားနေပြီး
နေ့တွေလဲ
တစ်နေ့ပြီး တစ်နေ့

ကုန်ဆုံးသွားတာနဲ့အမျှ
ငါလဲ တဖြေးဖြေးနဲ့ ကြာလေ ရူးသွပ်လေပါပဲ…

မင်းရဲ့ အသံကို ဖုန်းထဲကနေ ကြားနေရပေမယ့်
ငါ့ရဲ့ နာကျင်မှုတွေက လျော့နည်းမသွားဘူး…
ရပ်တန့်မသွားဘူး…
တကယ်လို့ မင်းကို နောက်တစ်ကြိမ် ဆုံတွေ့ခွင့်
ဘယ်တော့မှ မရတော့ဘူးဆိုရင်
ငါပြောနိုင်တာက ငါရဲ့နာကျင်မှုတွေကလဲ
အမြဲထာဝရ ခံစားသွားရမှာပါပဲ…

မင်း… ဘယ်ကိုပဲသွားသွား
ဘာတွေကိုပဲလုပ်လုပ်
ဒီနေရာလေးကနေပဲ မင်းကို စောင့်နေမှာပါ…
ငါ့ရဲ့ အသဲတွေ ဘယ်လောက်ကွဲအက်ပါစေ
ဘယ်လောက်ပဲ ခံစားရ ခံစားရ
မင်းကို ငါစောင့်နေမှာပါ….

အချိန်တိုင်း မင်းရဲ့အကြောင်းကို
ငါရအောင်တွေးနေမှာပဲ
အဲဒီအတွေးတွေဟာ ငါ့ရဲ့ အမှန်တရားပါ…

မင်း ငါ့အနားမရှိတဲ့ အခိုက်မှာ
မင်းရဲ့ ရယ်မောသံတွေလဲ ပြန်ကြားယောင်မိတယ်…
မျက်ရည်ဆိုတဲ့ အရာနဲ့လဲ ရင်းနှီးခွင့်ရခဲ့ပြီ
မျက်ရည်ကိုလဲ မြည်းစမ်းဖူးသွားပြီ…

မင်းနဲ့ မတွေ့ရပါလား အချစ်ရယ်…
မင်းက ငါ့ကို ရူးသွပ်အောင် ပြုစားသွားတယ်

မင်းကြောင့် ငါအသက်ရှင်နေတာပါ
ငါတို့ရဲ့အချစ်တွေကြောင့် ငါဘယ်လောက် ရှင်သန်လာတယ်
အသက်ရှင်ဖို့ ဖြစ်လာတယ်ဆိုတာ
ငါကိုယ်တိုင်တောင် အံ့သြမိတယ်

နောက်ဆုံးမှာ မင်းနဲ့ငါ အတူရှိရမယ်..
အဲဒီအခွင့်အရေးကို ငါရအာင်ယူမယ်…

မင်း… ဘယ်ကိုပဲသွားသွား
ဘာတွေကိုပဲလုပ်လုပ်
ဒီနေရာလေးကနေပဲ မင်းကို စောင့်နေမှာပါ…
ငါ့ရဲ့ အသဲတွေ ဘယ်လောက်ကွဲအက်ပါစေ
ဘယ်လောက်ပဲ ခံစားရ ခံစားရ
မင်းကို ငါစောင့်နေမှာပါ….

Oceans apart day after day
And I slowly go insane
I hear your voice on the line
But it doesn't stop the pain

If I see you next to never
How can we say forever

Wherever you go
Whatever you do
I will be right here waiting for you
Whatever it takes
Or how my heart breaks
I will be right here waiting for you....

I took for granted, all the times
That I though would last somehow
I hear the laughter, I taste the tears
But I can't get near you now

Oh, can't you see it baby
You've got me goin' CrAzY

Wherever you go
Whatever you do
I will be right here waiting for you
Whatever it takes
Or how my heart breaks
I will be right here waiting for you

I wonder how we can survive
This romance
But in the end if I'm with you
I'll take the chance

Oh, can't you see it baby
You've got me goin' cRaZy

Wherever you go
Whatever you do
I will be right here waiting for you
Whatever it takes
Or how my heart breaks
I will be right here waiting for you....


(နာမည်ကြီး အဆိုတော် Richard Marx ဆိုထားတဲ့ Right Here Waiting ဆိုတဲ့ သီချင်းလေးကို ခံစားပြီး ရေးဖွဲ့ထားတာပါ… ခံစားမှု သက်သက်ပါ… ရေးဖွဲ့သူက ကျွန်တော် မဟုတ်ဘူးဆိုရင် အံ့သြကြမလား မသိဘူး… ရေးတဲ့သူက ကျွန်တော့် ချစ်သူပါ… ကျွန်တော့်ဆီကို ရေးလာတဲ့ စာထဲမှာ ဒီသီချင်းလေးက သူ အရမ်းကြိုက်ပြီး ခံစားရလို့ ချရေးလိုက်တာပါတဲ့… ကျွန်တော်လဲ သူ့ကို ပြောပြီး Blog မှာ တင်လိုက်တာပါ… သီချင်းလေးကို အားလုံး နားထောင်ဖူးကြမယ်လို့ ထင်ပါတယ်… ကျွန်တော့် Blog ကို ဝင်လိုက်တာနဲ့ ဒီသီချင်းလေး နားထောင်နိုင်အောင် စီစဉ်ပေးထားပါတယ်… မူရင်း အင်္ဂလိပ်စာသားပါ တင်ပေးထားပါတယ်… သီချင်းလေးရဲ့ mp3 file ကို လိုချင်တယ်ဆိုရင် (Internet Download Manager Software နဲ့ Mozilla Firefox သုံးတယ်ဆိုရင်) ကျွန်တော့် Blog မှာပဲ Download ရယူနိုင်ပါတယ်... အဲဒါတွေ မသုံးဘူးဆိုရင်တော့ ဒီကို သွားပြီး Download ချနိုင်ပါတယ်ခင်ဗျား... ရွှင်လန်းချမ်းမြေ့ ကြပါစေ…)

Older Posts Home