Blogger Template by Blogcrowds.

Showing posts with label Valentine's Day အတွက်. Show all posts
Showing posts with label Valentine's Day အတွက်. Show all posts

Happy Valentine's Day....


ချစ်သူတိုင်း... လူသားတိုင်း....
ဒီနေ့မှာ ရွှင်လန်း ချမ်းမြေ့ကြပါစေ...
ပျော်ရွှင် ကြည်နူးနိုင်ကြပါစေ...
ဘဝရဲ့ အမှတ်တရ အချိန်လေးများကို ပိုင်ဆိုင်နိုင်ပါစေ...
ကမ္ဘာကြီးမှာလဲ ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေပြီး အစဉ်အေးချမ်းနေပါစေ...

Saint Valentine (သို့) Valentine's Day အကြောင်း...

Valentine’s Day ပေါ်ပေါက်လာပုံနဲ့ ပတ်သတ်ပြီး ထင်မြင် ယူဆချက်တွေ မြောက်များစွာ ရှိပါတယ်။ အချို့သော သူများကတော့ ဒီလိုထင်မြင် ယူဆကြပါတယ်။ ခရစ်တော်ပေါ်ပြီး အေဒီ (၂ဝဝ)ကျော် (၃ရာစု)၊ ရောမမြို့(Rome)မှာ နေထိုင်ခဲ့တဲ့ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း (St. Valentine) မှတဆင့် ဖြစ်ပေါ် လာတာပါလို့ ယူဆ ကြပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ခရစ်ယာန် ဘာသာ အတွက် မွန်မြတ်သော အာဇာနည် တစ်ပါးလို့လဲ တင်စား ခေါ်ဝေါ် ကြပါတယ်။ သူဟာ အေဒီ (၂၆၉)ခု၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ သေဒဏ် စီရင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန်က အုပ်ချုပ်နေတဲ့ ဒုတိယမြောက် ကလောဒီယပ်စ်ဘုရင် (Cludiaus-II)က သူ့ကို ဆန့်ကျင်တယ်ဆိုပြီး ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ဖမ်းဆီး ထောင်ချကာ သေဒဏ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အေဒီ (၄၉၆)ခုမှာတော့ ပုပ်ရဟန်းမင်းကြီး ဂီလာစီးယပ်စ် (Pope Gelasius)က ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကို Valentine’s Dayလို့ သတ်မှတ် ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းရဲ့ အကြောင်းနဲ့ သမိုင်း ဖြစ်စဉ်တွေကို အောက်မှာ ဆက်လက် ဖော်ပြ သွားပါဦးမယ်။

အေဒီ(၃)ရာစုမှာ ရောမ အင်ပါယာကို ဒုတိယမြောက် ကလောဒီယပ်စ် ဘုရင် အုပ်ချုပ်နေပါတယ်။ ကလောဒီယပ်စ် ဘုရင်ဟာ ရောမအင်ပါယာရဲ့ မြို့တော်ဖြစ်တဲ့ ရောမမြို့(Rome)မှာ နန်းစံပါတယ်။ ဘုရင် ကလောဒီယပ်စ်ကို လူတော်တော် များများက သဘောမကျကြပါဘူး။ အဲဒီလို သဘောမကျတဲ့ အထဲမှာ ဘုန်းတော်ကြီး ဗယ်လင်တိုင်းလဲ ပါပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ရောမမြို့မှာ နေထိုင်နေတဲ့ ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပါတယ်။ သူဟာ သနားကြင်နာတတ်ပြီး အပြောအဆို ညင်သာ သိမ်မွေ့သူလဲ ဖြစ်ပါတယ်။ သူ့ကို ချစ်ခင် ကြတဲ့သူတွေ အလွန် များပြားပါတယ်။

ကလောဒီယပ်စ် ဘုရင်ဟာ စစ်လိုလားသူပါ။ သူ့စစ်တပ်ကို အင်အား ကြီးသထက် ကြီးအောင် ပြုလုပ်ချင်သူပါ။ ဒါကြောင့် ရောမအင်ပါယာ ထဲမှာရှိတဲ့ ယောက်ကျားသားများ အားလုံးကို သူ့စစ်တပ်ထဲ ဝင်စေချင်ပါတယ်။ ဒါပေမယ့် သူမျှော်လင့်သလို ဖြစ်မလာပါဘူး။ သူ့အင်ပါယာထဲမှာရှိတဲ့ ယောက်ကျားသားများက စစ်တပ်ထဲ မဝင်ချင်ကြဘူး။ စစ်ကိုလဲ မတိုက်ချင်ကြဘူး။ သူတို့ရဲ့ မိသားစုတွေ၊ မိန်းမနဲ့ ကလေးတွေကို မခွဲခွာချင်ကြဘူး။ ဒါကြောင့် တော်တော် များများက စစ်တပ်ထဲဝင်ဖို့ ငြင်းဆန်ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ကလောဒီယပ်စ်ကို ဒေါသအမျက် ခြောင်းခြောင်းထွက်စေပါတယ်။ ဒါကြောင့်သူဟာ ရက်စက်တဲ့ အကြံအစည် တစ်ခု ကြံစည်ခဲ့တယ်။ တကယ်လို့ ယောက်ကျားတွေသာ မိန်းမမယူ၊ အိမ်ထောင်မပြုဘူးဆိုရင် စစ်တပ်ထဲဝင်ဖို့ စိတ်ပါလာနိုင်တယ်လို့ သူတွေးတောခဲ့တယ်။ ဒါကြောင့် သူအမိန့်တစ်ခု ထုတ်လိုက်တယ်။ အဲဒါကတော့ ထိမ်းမြား လက်ထပ်တာကို ခွင့်မပြုပဲ ပိတ်ပင် တားဆီးတဲ့ အမိန့်ပါပဲ။ လူငယ်များက ဒီအမိန့်ကို အင်မတန် ရက်စက် ကြမ်းကြုတ်တဲ့ အမိန့်လို့ ယူဆကြတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကလဲ ဒီအမိန့်ကို လုံးဝ ယုတ္တိမရှိဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ဒီအမိန့်ကို ဘုန်းတော်ကြီး ဗယ်လင်တိုင်းက လုံးဝ မထောက်ခံခဲ့ပါဘူး။

ဘုန်းတော်ကြီး ဗယ်လင်တိုင်းဟာ ထိမ်းမြား လက်ထပ်တာကို ကောင်းသော ပြုမူခြင်းလို့ ခံယူထားတဲ့အတွက် ကလောဒီယပ်စ် ထုတ်ပြန်ထားတဲ့ အမိန့်ကို မလိုက်နာပဲ ထိမ်းမြား လက်ထပ်ပွဲတွေကို ဆက်လက် လုပ်ဆောင်ပေးခဲ့ပါတယ်။ အမိန့်ကြောင့် တိုးတိုး တိတ်တိတ်ပဲ လုပ်ခဲ့ကြရပါတယ်။ ဖယောင်းတိုင်ငယ်လေးတွေ ထွန်းညှိထားတဲ့ လက်ထပ်ပွဲကျင်းပရာ အခန်းငယ်လေးထဲမှာ ဘုန်းတော်ကြီး ဗယ်လင်တိုင်း၊ သတို့သားနဲ့ သတို့သမီးတို့ပဲရှိပါတယ်။ ကောင်းချီးမင်္ဂလာ ပေးတာကိုလဲ ဘုန်းတော်ကြီးက တိုးတိုးလေးပဲရွတ်ဆိုပါတယ်။ ဒီလိုနဲ့ တိုးတိုးတိတ်တိတ် လက်ထပ်ပွဲတွေကို အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့တာပေါ့။

တစ်ညမှာတော့ လက်ထပ်ပွဲ ကျင်းပနေတုန်းမှာ ဘုရင့်စစ်သားတွေ ရောက်လာပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သတို့သားနဲ့ သတို့သမီးဟာ စစ်သားတွေလက်ထဲ မရောက်ခင် ထွက်ပြေး လွတ်မြောက်သွားပါတယ်။ စစ်သားများဟာ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ဖမ်းလိုက်ကြတယ်။ အဲဒီနောက်မှာတော့ အမိန့်မနာခံမှုနဲ့ ဘုန်းတော်ကြီးကို အကျဉ်းချထားပြီး သေဒဏ်စီရင်ဖို့ အမိန့်ချမှတ်ခဲ့တယ်။

အကျဉ်းကျနေတဲ့ အချိန်မှာ ဘုန်းတော်ကြီးကို ချစ်ခင်ကြတဲ့ သူတွေဟာ အကျဉ်းထောင်အထိ လာရောက်ပြီးတော့ သူတို့ ချစ်ခင်တဲ့ ဘုန်းတော်ကြီးကို ပန်းစည်းတွေ ပစ်ပေးကြတယ်။ စာတိုလေးတွေ ပစ်ပေးကြတယ်။ ထောင်ထဲဝင်လို့မရလို့ ပစ်ပေးကြရရှာတယ်။ ဒီစာလေးတွေ၊ ပန်းစည်းလေးတွေ ကတဆင့် သူတို့ဟာ အချစ်ကို ယုံကြည်ကြတယ် ဆိုတာ ပြောခဲ့ကြတယ်။ သူတို့ဟာ ဘုန်းတော်ကြီးနဲ့ တွေ့ခွင့်မရကြဘူး။ အဲဒီထဲကမှ တစ်ယောက်သော သူဟာ ဘုန်းတော်ကြီးကို တွေ့ခွင့်ရခဲ့တယ်။ အဲဒီ တစ်ယောက်သော သူကတော့ ထောင်မှူးကြီးရဲ့ သမီးလေးဂျူလီယာ(Julia) ပဲဖြစ်ပါတယ်။ သူမရဲ့အဖေဟာ သူမကို ဘုန်းတော်ကြီးနဲ့ တွေ့ဖို့ ခွင့်ပြုခဲ့ပါတယ်။ အချုပ်ခန်းထဲထိလဲ ဝင်ခွင့်ပြုခဲ့တယ်။ သူမဟာ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်တွေကို ထောက်ခံခဲ့တယ်။ ဘုန်းတော်ကြီးရဲ့ နောက်ဆုံးအချိန်တွေကို အဖော်ပြု အားပေးခဲ့တယ်။ (တချို့သော သမိုင်းကြောင်းတွေမှာ ဂျူလီယာက မွေးကတဲက အမြင်အာရုံ မရရှာတဲ့ ဒုက္ခိတမလေး တစ်ယောက်လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဘုန်းတော်ကြီှး ဗယ်လင်တိုင်းက ဘုရားသခင်ထံမှာ ဆုတောင်းပေးလို့ မျက်စိအလင်း ပြန်ရလာတယ်လို့ ရေးသားထားတာလဲ တွေ့ရပါတယ်။)

ဘုန်းတော်ကြီး ဗယ်လင်တိုင်းဟာ သေဒဏ် စီရင်ခြင်း ခံရမယ့်နေ့ (ဖေဖော်ဝါရီ ၁၄ရက်၊ အေဒီ ၂၆၉ခု)မှာ သူ့ရဲ့ နောက်ဆုံး အချိန်တွေမှာ အတူရှိနေခဲ့တဲ့ သူမကို ကျေးဇူးတင်တဲ့ အနေနဲ့ သူမရဲ့ သစ္စာတရား အတွက် စာတိုလေး ပေးခဲ့ပါတယ်။ အဲဒီစာတိုလေး ကတော့ “သင့်ရဲ့ ဗယ်လင်တိုင်းဆီက အချစ်မေတ္တာ”(Love from your Valentine)လို့ အဓိပ္ပါယ် ရပါတယ်။

ဒီစာတိုလေး မှတဆင့် Valentine’s Day မှာ အချစ်သဝဏ် လွှာလေးတွေ ပေးတဲ့အလေ့အထဟာ တကမ္ဘာလုံးကို ပျံ့နှံ့သွားပုံရပါတယ်။ အမှန်တရား ဘက်က ရပ်တည်ခဲ့တဲ့ သူရဲကောင်းကြီး ကတော့ လူသေပေမယ့် နာမည် မသေခဲ့ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အင်အား ကြီးနေပါစေ၊ ချစ်ခြင်း မေတ္တာကို ဖျက်ဆီးလို့ မရနိုင်ဘူး ဆိုတာ လူသားတွေ အားလုံး သဘောပေါက်သွားကြပါပြီ။ အရာအားလုံးထက် အင်အား ကြီးမားတာ ချစ်ခြင်း မေတ္တာတရားဆိုတာ အကြွင်းမဲ့မှန်ကန်ပါတယ်။

အခု အောက်မှာဆက်လက် ဖော်ပြမှာကတော့ အနောက်နိုင်ငံတွေမှာ Valentine’s Day နဲ့ ပတ်သတ်ပြီး ပြုလုပ်ကြတဲ့ ရိုးရာအလေ့အထတွေပါ။

လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက အင်္ဂလန်နိုင်ငံ (England)မှာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ရောက်ရင် ကလေး သူငယ်များဟာ လူကြီးတွေလို ဝတ်စား ဆင်ယင်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ သီချင်းတွေ လိုက်လံ သီဆိုပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ကောင်းချီးပေးတဲ့ သီချင်းတွေပေါ့။ (Happy New Year လိုမျိုး ဖြစ်မယ် ထင်ပါတယ်။)

ဝေးလ်စ် (Wales) နိုင်ငံမှာတော့ သစ်သား ဇွန်းလေးတွေကို ပြုလုပ်ပြီး လက်ဆောင် ပေးကြပါတယ်။ သစ်သား ဇွန်းလေးတွေပေါ်မှာ အသဲပုံ၊ သော့နဲ့ သော့ခလောက် ပုံလေးတွေကို ဆေးခြယ်ပြီး အလှဆင်ကြတယ်။ အဲဒီ အဓိပ္ပါယ်ကတော့ “ငါ့ရဲ့အသဲတံခါးကို မင်းဖွင့်သွားပြီ” (You unlock my heart!) ဆိုတာပဲ ဖြစ်ပါတယ်။

တချို့နိုင်ငံတွေမှာ ဆိုရင် မိန်းမပျိုလေး တွေဟာ ယောက်ကျားပျိုလေး တွေဆီကနေ အဝတ်အစားတွေ လက်ဆောင် အဖြစ်ရကြတယ်။ အဲဒီ အဝတ်အစားတွေကို သိမ်းထားရင် အဲဒီမိန်းမပျိုလေးက လက်ဆောင်ပေးတဲ့ ယောက်ကျားလေးကို လက်ထပ်မယ့်သူလို့ သတ်မှတ် လိုက်တာပဲတဲ့။

တချို့လူတွေကလဲ ဒီလိုယုံကြည်ကြတယ်။ Valentine’s Day မှာ ခေါင်းပေါ်ကနေ မြေလူးငှက်(robin)လေး ဖြတ်ပျံသွားတယ်ဆိုရင် အဲဒီမိန်းကလေးက သင်္ဘောသားနဲ့ လက်ထပ်ရလိမ့်မယ်တဲ့။ စာကလေးငှက် ဆိုရင် ဆင်းရဲတဲ့သူနဲ့ လက်ထပ်ရပြီး ပျော်ရွှင်မှုတော့ ရလိမ့်မယ်တဲ့။ ရွှေဝါရောင်ငှက် (goldfinch)ကို တွေ့ရတယ် ဆိုရင်တော့ မီလျံနာနဲ့ လက်ထပ်ရမယ်တဲ့ဗျား…။

နောက်တစ်ခုကတော့ တကယ်ဖြစ်နိုင်၊ မဖြစ်နိုင် မသိပေမယ့် ဖတ်ပြီးတော့ ပြုံးချင်စရာ အလေ့အထလေးတစ်ခု၊ ယုံကြည်မှုလေးတစ်ခုပေါ့။ တကယ်လို့ သင့်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ သူတွေ တစ်ယောက်ထက်မက ပိုရှိနေမယ်ဆိုရင် ဘယ်တစ်ယောက်နဲ့ လက်ထပ်ရမလဲဆိုတာ ရွေးချယ်တဲ့ နည်းပါပဲ။ အရင်ဆုံး ပန်းသီးတစ်လုံးကို ယူလိုက်ပါ။ ပန်းသီးအညှာကို ကိုင်ပြီး ပန်းသီးကိုလှည့်ပါ။ အဲဒီလိုလှည့်နေတုံးမှာ သင်ရည်ရွယ်ထားတဲ့ သူတွေရဲ့ အမည်တွေကို ရွတ်ပေးရပါမယ်။ ပန်းသီးအညှာ ပြုတ်သွားတဲ့အချိန်မှာ ရွတ်မိတဲ့ အမည်က သင်လက်ထပ်ရမယ့်သူရဲ့ အမည်ပါပဲတဲ့။ ဒါ့အပြင် နောက်တစ်ခုက အဲဒီပန်းသီးကို အလည်ကနေ ထက်ခြမ်း ခွဲကြည့်လိုက်ပါ။ ပြီးတော့ မြင်တွေ့ရတဲ့ ပန်းသီးအစေ့လေးတွေကို ရေတွက်ပါ။ အဲဒီအရေအတွက်က သင်ရမယ့် ကလေး အရေအတွက်ပါပဲတဲ့။ ဒါကို ဖတ်ပြီးတော့ ပြုံးမိကြမယ်လို့ထင်ပါတယ်။

(Valentine’s Day ရဲ့ သမိုင်းနောက်ခံနဲ့ ပတ်သတ်ပြီးတော့ မူကွဲတွေ အများကြီးရှိပါတယ်… အဲဒီထဲကမှ အများက လက်ခံထားကြတဲ့၊ ယုတ္တိလဲရှိတဲ့ အကြောင်းအရာ၊ ဖြစ်နိုင်ခြေလဲရှိတဲ့ အကြောင်းအရာကို ရွေးပြီး ဘာသာပြန်လိုက်တာပါ… မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်… အားလုံးကို အတိအကျ ဘာသာပြန်ထားတာ မျိုးတော့ မဟုတ်ပါဘူး… ဖတ်လို့ကောင်းအောင်၊ မူရင်းအဓိပ္ပါယ် မပျက်အောင်နဲ့ ဆီလျော်မှုရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ပြန်ဆိုထားပါတယ်… လွဲမှားနေတာတွေရှိရင် ဘာသာပြန်ဆိုသူ မိုးသောက်ရဲ့ အားနည်းချက် သာဖြစ်ပါတယ်… ချစ်သူစုံတွဲများ Valentine’s Day မှာ ရင်ခုန်ကြည်နူး ပျော်ရွှင်ကြပါစေ….)

ချစ်သူကို ဘယ်လိုနမ်းမှာလဲ...




အနမ်းနဲ့ ရောဂါကာကွယ်ဖို့အတွက် အနမ်းကို အသုံးချရမှာ ဟုတ်ပါတယ်နော်...
ဒါကြောင့် ဘယ်လိုအသုံးချရမလဲဆိုတာကို ရှင်းပြထားတဲ့ Video လေးကို ကြည့်လိုက်ကြပါဦး...
www.youtube.com မှာ သွားရောက်ရှာဖွေထားတာဖြစ်ပါတယ်...
ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်... :D

အနမ်းဖြင့် ရောဂါကာကွယ်နည်း


သင့်မှာ ချစ်သူရှိပါသလား???
နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား???

ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား???

ကဲ !... စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။
ကဲ!... ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definition လေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃ဝ)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ဝတဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ဝိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈ဝ)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။
လက်တွေ့စမ်းသုံးကြည့်နော်......................
အဟီးးး....................

(ဒီ post လေးကတော့ သူငယ်ချင်းမေဒီဇာရဲ့blog မှာတွေ့ပြီး ဖတ်မိတာပါ… ဖတ်မိပြီးပြီးချင်းပဲ ကြိုက်လွန်းလို့ blog မှာတင်ပါရစေဆိုပြီး တောင်းဆိုလိုက်တာပါ… သူငယ်ချင်းမေဒီကလဲ ပြောထားပါတယ်… ဒီ post လေးကို သူငယ်ချင်းတစ်ယောက်က forward mail ပို့ပေးလို့ တင်ခွင့်ပြုဖို့တောင်းဆိုပြီး တင်လိုက်တာပါတဲ့… ဒါလေးကို မိုးသောက်ရဲ့ blog မှာလဲ တင်နိုင်ပါတယ်တဲ့… ဒါကြောင့် တင်လိုက်တာပါ… Valentine’s Day ရောက်ခါနီးပြီးဆိုတော့ ဒီ post လေးက ချစ်သူစုံတွဲတွေကို အများကြီး အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်…. ဒီ post လေးအတွက် သူငယ်ချင်းမေဒီဇာကို အရမ်းပဲကျေးဇူးတင်ပါတယ်… မေဒီကို forward mail ပို့ပေးတဲ့ သူငယ်ချင်းကိုလဲ ကျေးဇူးတင်ပါတယ်…)










နှင်းဆီ (၁)ပွင့် - - - ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ (၂)ပွင့် - - - ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ (၃)ပွင့် - - - မင်းကိုငါချစ်တယ်
နှင်းဆီ (၄)ပွင့် - - - သေတောင် မခွဲဘူး
နှင်းဆီ (၅)ပွင့် - - - တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ (၆)ပွင့် - - - ချစ်ခင်၊ လေးစား ခွင့်လွတ်တယ်
နှင်းဆီ (၇)ပွင့် - - - မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ (၈)ပွင့် - - - အမြဲတမ်း
နှင်းဆီ (၁ဝ)ပွင့် - - - အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ (၁၁)ပွင့် - - - မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်
နှင်းဆီ (၁၂)ပွင့် - - - တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်
နှင်းဆီ (၁၃)ပွင့် - - - သူငယ်ချင်းအချစ်
နှင်းဆီ (၁၄)ပွင့် - - - ဂုဏ်ယူပါတယ်
နှင်းဆီ (၁၅)ပွင့် - - - ခွင့်လွတ်ပါနော်
နှင်းဆီ (၁၆)ပွင့် - - - မတည်ငြိမ်သော အချစ်
နှင်းဆီ (၁၇)ပွင့် - - - ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ (၁၈)ပွင့် - - - ရိုးသားပွင့်လင်းခြင်း
နှင်းဆီ (၁၉)ပွင့် - - - မျှော်လင့်စောင့်စားခြင်း
နှင်းဆီ (၂ဝ)ပွင့် - - - ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်
နှင်းဆီ (၂၁)ပွင့် - - - ရိုးသားတဲ့အချစ်
နှင်းဆီ (၂၂)ပွင့် - - - ကံကောင်းပါစေ
နှင်းဆီ (၂၅)ပွင့် - - - ပျော်ရွှင်ပါစေ
နှင်းဆီ (၃ဝ)ပွင့် - - - ဖူးစာကိုယုံတယ်
နှင်းဆီ (၃၆)ပွင့် - - - ROMANTIC
နှင်းဆီ့ (၅ဝ)ပွင့် - - - မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီ (၉၉)ပွင့် - - - အမြဲတမ်းအတွက်
နှင်းဆီ (၁ဝဝ)ပွင့် - - - ၁ဝဝ% အချစ်
နှင်းဆီ (၁ဝ၁)ပွင့် - - - အရမ်း... အရမ်း... ချစ်
နှင်းဆီ (၁ဝ၈)ပွင့် - - - လက်ထပ်ခွင့်ပေးပါ
နှင်းဆီ (၁၁၁)ပွင့် - - - အဆုံးမဲ့အချစ်
နှင်းဆီ (၁၄၄)ပွင့် - - - အချိန်တိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီ (၃၆၅)ပွင့် - - - နေ့တိုင်းလွမ်းတယ်
နှင်းဆီ (၉၉၉)ပွင့် - - - မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီ (၁ဝဝ၁)ပွင့် - - - သက်ဆုံးထိတိုင်

(နှင်းဆီပန်းပေးခြင်းက ပြောတဲ့ အဓိပ္ပါယ်တွေကို အရင်တုံးက ဖတ်ဖူးလို့ စာအုပ်ထဲမှာ မှတ်ထားဖူးပါတယ်… အခုဖော်ပြပေးထားတဲ့ အဓိပ္ပါယ်တွေက ချစ်သူတွေကို ပန်းပေးလေ့ အမြဲရှိတဲ့ အနောက်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေက သတ်မှတ်ထားပုံရပါတယ်… အခု Valentine’s Day ရောက်တော့မယ်ဆိုတော့ ဒီအကြောင်းအရာလေးကို သတိရသွားလို့ blog မှာတင်ဖို့ လိုက်ရှာပြီးတင်လိုက်တာပါ… အသိမ်းလွန်နေလို့ တော်တော်ရှာလိုက်ရတယ်… ချစ်သူစုံတွဲတိုင်း၊ လူတိုင်းလူတိုင်း နှင်းဆီပန်းပေးခြင်းဖြင့်လည်းကောင်း၊ ပန်းအပေးခံရခြင်းဖြင့်လည်းကောင်း ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ ရင်ခုန်ရခြင်းနဲ့ ချစ်ခြင်းရဲ့ အရသာကို ခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…)

Older Posts Home