April Fool’s Day ဖြစ်ပေါ်လာတာနဲ့ ပတ်သတ်သော သမိုင်းကြောင်းက တိတိကျကျ ရယ်လို့ မရှိပါဘူး။ ဒါပေမယ့် ခရစ် သက္ကရာဇ် ၁၅၈၂ခု ပြင်သစ်နိုင်ငံ နဝမမြောက် ချားလ်စ်ဘုရင် လက်ထက်မှာ ပြက္ခဒိန်ကို ပြောင်းလဲ လိုက်တာကနေ အစ ပြုတယ်လို့ ဆိုရမှာပါ။ (မြန်မာလို အယူ ဆိုရင် သက္ကရာဇ် ဖြိုတယ်လို့ ခေါ်မယ် ထင်ပါတယ်။) ဘယ်လို ပြောင်းလဲ လိုက်သလဲ ဆိုတော့ မတ်လ (၂၅) ရက်နေ့ကနေ ဧပြီ (၁) ရက်နေ့အထိ (နှစ်သစ်ကူး ကာလ) ကို ဇန်နဝါရီလ (၁) ရက်နေ့ကို ရွှေ့ပြောင်း လိုက်တာပါပဲ။
အဲဒီ ခေတ်ကာလက ဆက်သွယ်ရေး စနစ်တွေက ယနေ့ခေတ်လို မဟုတ်တော့ နှေးကွေးပါတယ်။ ဒါကြောင့် တချို့သော လူများက ဒီလို အပြောင်းအလဲ ဖြစ်သွားတာကို နှစ်အတော် ကြာမြင့်တဲ့အထိ သတိ မထားမိကြဘူး။ အဲဒီအချိန်ထိ တချို့သော အစွန်းရောက် လူများ၊ ဘုရင့် အမိန့်ကို ဖီဆန်ချင်ကြတဲ့ သူများကတော့ ဒီအပြောင်းအလဲကို လက်မခံခဲ့ဘူး။ နှစ်သစ်ကူးကို ဧပြီ (၁) ရက်နေ့မှာပဲ ကျင်းပဖို့ ဆန္ဒရှိကြတယ်။ ဒီအပြောင်းအလဲကို လက်ခံကြတဲ့ သာမန် ပြည်သူ လူထု တွေကတော့ အစွန်းရောက်ပြီး လက်မခံ ဆန့်ကျင် ချင်ကြတဲ့ သူများကို “အရူးများ” လို့ လှောင်ပြောင် ခဲ့ကြတယ်။ ခေါ်ဝေါ် သမုတ်ခဲ့ကြတယ်။ စ စရာ နောက်စရာ အဖြစ်သာ မြင်ခဲ့ကြတယ်။ အဲဒါကြောင့် အဲဒီ လူတွေဆီကို တကယ် မကျင်းပပေမယ့် ကျင်းပသယောင် ပြုလုပ်ထားတဲ့ ပါတီဖိတ်စာတွေ၊ ကျီစယ်ထားတဲ့ ဟာသတွေကို ဧပြီ (၁) ရက်နေ့မှာ ပို့ပေးပြီး အရူးလုပ်ထားတဲ့ စာတိုတွေ၊ စကားတွေနဲ့ စ နောက် ခဲ့ကြတယ်။ အဲဒီလို စနောက်ခဲ့ကြပြီး ရယ်မောခံ လူတစ်စုကို “poisson d’avril” ၊ “April fish” လို့ နောက်ပြောင် ခေါ်ဝေါ် ခဲ့ပြန်တယ်။ “April fish” ဆိုတာက နုံနုံအအ ငါးငယ်လေးတွေဟာ အလွယ်တကူ အဖမ်းခံ ရတတ်သလို အရူး လုပ်ခံရသူ တွေဟာလဲ စ နောက် ခံရတတ်တယ် ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီသဘောကို ဘယ်လို ဖော်ပြသလဲဆိုရင် April Fool’s day မှာ စကြ နောက်ကြတဲ့ စာရွက် လေးတွေရဲ့ နောက်ကျောဘက်မှာ ငါးငယ် ပုံလေးတွေ ဆွဲထည့် ပေးလိုက်တာပါပဲ။ (အခုခေတ်မှာတော့ ခင်မင်တဲ့ သူတွေကိုပဲ စကြ နောက်ကြတော့တာ များပါတယ်။)
အဲဒီလိုမျိုး နောက်ပြောင် ကျီစယ်မှုတွေက စပြီးတော့ ဧပြီလရဲ့ ပထမဆုံးနေ့မှာ အရူးလုပ်တာ ပေါ်ပေါက်လာပါတယ်။ ဒီလို အလေ့အထဟာ ချက်ချင်းပဲ ပျံ့နှံ့သွားပြီး ၁၈ရာစုမှာ ဗြိတိန်နိုင်ငံနဲ့ စကော့တလန် နိုင်ငံတွေမှာ စတင် ပြုလုပ် ခဲ့ကြတယ်။ ဒါ့အပြင် အင်္ဂလိပ်နဲ့ ပြင်သစ်တို့ရဲ့ လက်အောက်ခံ ကိုလိုနီနိုင်ငံ တွေကိုလဲ ပျံ့နှံ့ သွားခဲ့တယ်။ ဒီပျံ့နှံ့မှုမှ စတင်ပြီးတော့ အခြားသော နိုင်ငံတွေမှာ ဧပြီလ (၁) ရက်နေ့မှာ နောက်ပြောင် ကျီစယ်ပြီး စကြ နောက်ကြတဲ့ နေ့ရက်လေး ဖြစ်လာတဲ့ April Fool’s Day ဆိုပြီး ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။။
(လူတိုင်းဟာ ပျော်ရွှင်စရာဆိုရင် နှစ်သက်ကြတယ်၊ စိတ်ကြည်နူးကြတယ် ဆိုတာ သိသာစေတဲ့ အချက် တစ်ချက်ကို ရှာဖွေ တွေ့ရှိလိုက်တယ်လို့ မထင်ဘူးလားခင်ဗျာ….) 
- ဒီနေရာလေးက စာပိုဒ်လေး တချို့ကို အလျဉ်းသင့်သလို ဘာသာ ပြန်လိုက်တာပါ... အဆင်အပြေဆုံး ဖြစ်အောင် တတ်နိုင်သမျှ ကြိုးစား ထားပါတယ်... -
Labels: ဗဟုသုတ
“ဖွားခမ်း… ဖွားခမ်းချက်တဲ့ဟင်းက…. ကောင်းလဲ မကောင်းဘူး…”
“သား… ဖိုးရှမ်း… သား ထမင်း စားတော့မလို့လား သား”
“သြော…ဟုတ်ကဲ့ဗျ… စားတော့မလားလို့….”
“သား… ဖွားခမ်း ပြောပြမယ်နော်… သေချာနားထောင် ဟုတ်ပြီလား…”
“ဟိုးရှေးရှေးတုန်းက တောင်ယာလုပ်တဲ့ ရှမ်းသားအမိ နှစ်ယောက်ရှိတယ်။ သူတို့ဟာ ဆင်းရဲကြရှာတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ နေ့တိုင်း သားဖြစ်သူက တောင်ယာသွား၊ အမေဖြစ်သူက ချက်ပြုတ် လျှော်ဖွတ် လုပ်စရာ ရှိတာတွေ လုပ်ရတယ်။ ပင်ပန်းတာပေါ့ သားရယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သားဖြစ်သူက တောင်ယာက အပြန် အိမ်ရောက်တော့ အမေဖြစ်သူကို ပြောတယ်။ သူ ဝက်သားဟင်း တအား စားချင်နေတယ်တဲ့။ အဲဒါ အမေ ချက်ပေးပါဦးတဲ့။ မစားရတာလဲ ကြာပြီတဲ့။ အဲဒီတော့ အမေက စိတ်မကောင်း ဖြစ်သွားတာပေါ့။ ဘာလို့လဲ ဆိုတော့ တောင်ပေါ်မှာ ဝက်ကသားက မရနိုင်ဘူးလေ။ ရွာထဲ သွားဝယ်မှ ဖြစ်မှာ။ သွားဖို့ကလဲ ဝေးနေတော့ ဝယ်ဖို့ကလဲ အဆင်မပြေဘူးပေါ့။ ဒါပေမယ့် အမေက သားကို ပြောလိုက်တယ်။ မနက်ဖြန် သား စားချင်တဲ့ ဝက်သားဟင်းထက် ကောင်းတာ စားရစေမယ်ပေါ့။ တစ်ခုတော့ရှိတယ်သားတဲ့။ ဘာလဲဆိုတော့ အမေ့ကို ကတိ တစ်ခုတော့ ပေးရမယ်သားတဲ့။ အဲဒါက သား မနက်ဖြန်မှာ ဗိုက်တအားဆာမှ ထမင်းစားရမယ်။ သား ကတိ ပေးနိုင်လားတဲ့။ အဲဒါနဲ့ သားကလဲ ဝမ်းသာအားရနဲ့ ကတိပေးလိုက်တယ်။ သူ တအားဆာမှ စားမယ်ပေါ့။
ဒီလိုနဲ့ နောက်တစ်ရက်ကို ရောက်တဲ့အခါမှာ အမေက စောစောထ ချက်ပြုတ်ပြီး သားအတွက် ထမင်းထုပ် ပြင်ပေးတယ်။ သားဖြစ်သူ တောင်ယာ သွားခါနီးမှာ ထမင်းထုပ် လှမ်းပေးပြီး ကတိကို မမေ့ဖို့လဲ သေချာ မှာလိုက်တယ်လေ။ ဒီလိုနဲ့ သားဟာ တောင်ယာမှာ တမနက်လုံး အလုပ်လုပ်တာပေါ့။ နေမြင့်လာတော့ ဗိုက်ဆာလာတယ်။ သူ့အမေကို ပေးထားတဲ့ ကတိကြောင့် သူ ဖွင့်မစားသေးဘူး။ နေပိုမြင့်လာတော့ ပိုဆာလာပြီ။ ဒီအချိန်မှာလဲ သူ မစားသေးဘူး။ နောက်တော့ နေမွန်းတည့်လာပြီး တောင်ယာလုပ်တော့ ပင်ပန်းတာရယ်ကြောင့် ဗိုက်က တအားကို ဆာလာရော။ သူ အရမ်းကို ဆာနေပြီဆိုတာ သိလိုက်တယ်။ အဲဒါကြောင့် သူ့အမေကို ပေးထားတဲ့ ကတိအတိုင်း အခုအချိန်မှာ စားတော့မယ်လို့ တွေးပြီး ထမင်းထုပ်ကို ဖွင့်လိုက်တယ်။
ထမင်းထုပ်ထဲမှာ ပါလာတဲ့ဟင်းက ဝက်သားမဟုတ်ဘူး။ ခရမ်းသီးနှပ်နဲ့ ပဲပုတ်ထောင်း နှစ်မျိုးပဲ။ ဒါပေမယ့် သားက အဲဒီအချိန်မှာ တအားဆာနေပြီ။ ဝက်သားလဲ သူ သတိမရတော့ဘူး။ သူ့အမေ ထည့်ပေးလိုက်တဲ့ ဟင်းနှစ်မျိုးနဲ့ ထမင်း စားလိုက်တာ အကုန်ပဲ။ တအား စားကောင်းတာပေါ့။ ခရမ်းသီး ချိုချိုနဲ့ ပဲပုတ်ထောင်း စပ်စပ်လေးက ခံတွင်း မြိန်စေတယ်လေ။ အဲဒီ ထမင်း တစ်နပ်က သူ့အတွက် တအားကို စားကောင်းခဲ့တာ။
အိမ်ပြန်ရောက်တော့ သားက အမေကို ပြောတယ်။ အမေ ချက်ပေးလိုက်တဲ့ ဟင်းက စားကောင်း လိုက်တာဗျာပေါ့။ ဝက်သားဟင်းနဲ့တောင် မလဲနိုင်ဘူးတဲ့။
အမေက အဲဒီအခါမှာ သားကို ပြောရော။ သား… ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဟင်း ကောင်းကောင်း၊ မကောင်းကောင်း ဆာမှသာ စားလိုက်ပါသား၊ တအားကောင်းတဲ့ ထမင်း တစ်နပ်ဖြစ်လာရော သားရေ… တဲ့။”
“ကဲ… သား… ဖိုးရှမ်းလေး… ကြားတယ်နော်သား… အခု သား တအား မဆာသေးလို့ ဖြစ်မယ်… ခဏနေမှ စား။ ဟုတ်ပြီလား။”
“ဒါဆို သားကို ဝက်သားရော၊ ခရမ်းသီးရော၊ ပဲပုတ်ရော ချက်ထားပေးကြည့်ကြည့်…. ကျက်ရင် လာစားမယ်နော်…”
“ရော်… ဒီကလေးနှယ်… ငါစိတ်ညစ်တာရော….”
“:P….”
ငယ်စဉ်က မွေးမိခင်နှင့် မခြား ကျွေးမွေးပြုစု စောင့်ရှောက် သွန်သင်ပေးပြီး ကျွန်တော် ဆိုးသမျှ ခံခဲ့သော မေတ္တာကြီးမားလှတဲ့ ဖွားလေးများဖြစ်သော ဖွားခမ်း၊ ဖွားညွှန့်၊ (ဖွားမေ၊ ဖွားသိန်း) တို့ကို ရှိခိုးကန်တော့ပါ၏။ ဒီပို့စ်လေး ရေးပြီး တတ်အားသမျှ ကျေးဇူးဆပ်ပါ၏။
(ကျွန်တော်တို့ ရှမ်းပြည် လေသံနဲ့ ပြောသလိုမျိုး ရေးထားပါတယ်… ကွန်ပြူတာရှေ့မှာ တစ်နေကုန် ထိုင်ပြီး လှုပ်ရှားမှု နည်းတော့ စားမကောင်း ဖြစ်နေကြတဲ့ တချို့သော Blogger ကိုကို၊ မမများ၊ နေ့နဲ့ည မှားပြီး ဂိမ်း ဆော့ကြတဲ့ ကိုကိုများ၊ ဟင်းဂျီးများတဲ့ ကျွန်တော့်ရဲ့ တချို့သော သယ်ရင်းများ၊ အလုပ်ပင်ပန်းကြတဲ့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ အားလုံး ဆာမှ စားကြည့်ကြည့်လိုက်ပါ… စားကောင်းပါလိမ့်မယ်… အဲ… အချိန်မှန်တော့ စားကြပေါ့နော်… စားကောင်းကြပါစေဗျာ…. :D)
Labels: ဗဟုသုတ
၂ဝဝ၉ခုနှစ် မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ International Women's Day မှာ
ကျေးဇူးရှင် မွေးမိခင်ကို အမှူးထား၍ ချစ်သူအပါအဝင်
ပုခက်လွှဲသော လက်များပိုင်ရှင် အမျိုးသမီးထုကြီးအား ဂုဏ်ပြုပါ၏။
Labels: ဗဟုသုတ, အမှတ်တရများ...
ခင်ပွန်းသည်နှင့် ဇနီးသည်အကြား အပြန်အလှန် မကြိုက်တတ်တဲ့ အကျင့်လေးတွေ
Posted by မိုးသောက်(ရှမ်းလေး) at 9:55 amသဘာဝတရားရဲ့ ထူးခြားချက် ကတော့ အံ့ဖွယ်ပါပဲ။ ကမ္ဘာမှာရှိတဲ့ လူဦးရေသန်း (၆ဝဝဝ)ဟာ တစ်ယောက်နဲ့ တစ်ယောက် လုံးဝ မတူကြပါဘူး။ ရုပ်ရည်၊ စိတ်နေ စိတ်ထား၊ အကျင့်စာရိတ္တ အားလုံး အားလုံးပါပဲ။ တူလှ တချို့ အချက်တွေ လောက်ပေါ့။ ချွတ်စွပ် တူတယ် ဆိုတာ မရှိသလောက် ရှားပါတယ်။ အမွှာပူး အချင်းချင်းတောင် ချွတ်စွပ် တူတယ်ထား၊ စိတ်ဓါတ်၊ အကျင့်တွေက တခြားစီ ဖြစ်နေတတ်ပါတယ်။ တစ်ခုခုတော့ လွဲနေမှာပါပဲ။ ဒါပေမယ့် ယောက်ကျား၊ မိန်းမ၊ ကလေး၊ လူငယ်တွေမှာ စိတ်ဓာတ်၊ အကျင့်၊ ရည်ရွယ်ချက် စတာတွေ တူနေ တတ်တာတွေ ရှိကြတယ်။ သာမာန်အားဖြင့် တူတတ်တဲ့ အချက် ကလေးတွေပေါ့။ မိခင် အချင်းချင်း၊ သားသမီး အချင်းချင်း၊ ယောက္ခမ၊ ချွေးမ၊ ယောက်မ၊ မတ်၊ ဇနီး၊ ခင်ပွန်း အချင်းချင်း စိတ်ဓာတ် ခံယူချက်၊ ဆန္ဒ အကြိုက် စတာတွေ တူနေတတ် ကြတာကို တွေ့ရပါတယ်။ အခု ဖော်ပြ လိုက်တာက ခင်ပွန်းသည်က ဇနီးသည် အပေါ် မကြိုက်တတ်တဲ့ အချက်တွေနဲ့ ဇနီးသည်က ခင်ပွန်းသည် အပေါ် မကြိုက်တတ်တဲ့ အချက် ကလေးတွေပါပဲ။
· ခင်ပွန်း အိမ်ပြန်လာတာ တွေ့ပါလျက် အိမ်နီးချင်းနဲ့ စကားအပြော မပျက်နေတတ်တာမျိုး။
· ကိုယ့်တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုမစိုက်တတ်တာ။
· ခင်ပွန်းသည်ဘက်က ဆွေမျိုးသားချင်းတွေကို မလေးစားတာ။
· ခင်ပွန်းသည်ရဲ့ အားနည်းချက်ကို သရော်လှောင်ပြောင်တာ။
· ချင်ပွန်းသည်ရဲ့ ဆန္ဒကို မသိယောင်ဆောင် နေတတ်တာ။
· ကာမဆက်ဆံမှုကို စိတ်မပါဟန်ပြတာ။
· ခင်ပွန်းကို အရာရာမှာ အပြစ်ပြောတတ်တာ။
· အိမ်ထောင်သည်ပဲဆိုပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရေ သေသပ်လှပမှုကို ဂရုမပြုတတ်တာ။
· ခင်ပွန်းသည်ရဲ့ ဝင်ငွေ၊ လခကို အသေးစိတ် စာရင်းလိုက်မေးတာ။
· သူများအိမ်လည်ဖို့ ဝါသနာကြီးတာ။
· အိမ်တွင်း အလှအပ သန့်ရှင်းရေးကို စိတ်မဝင်စားတာ။
· သားသမီးရဲ့ ဝေယျာယစ္စကို စိတ်မဝင်စားတာ။
· ကိုယ့်ဆွေမျိုးသားချင်းကို တွယ်တာလွန်းတာ။
· ယောက္ခမနဲ့ ယောက်မအကြောင်း ကြံဖန် အပြစ်ပြောတာ။
· ခင်ပွန်းသည်ရဲ့ရုံး၊ လုပ်ငန်းက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး သံသယထားတတ်တာ။
· ဘာမဟုတ်တဲ့ ကိစ္စအတွက် စိတ်ကောက်တတ်တာ။
· သူစိမ်းတွေရှေ့မှာ ခင်ပွန်းသည်ရဲ့ အားနည်းချက်တွေ ထုတ်ဖော်ပြောတတ်တာ။
· သူစိမ်းယောက်ကျားတွေ၊ ခင်ပွန်းသည်ရဲ့ ယောက်ျားလေး အပေါင်းအသင်းတွေ အကြောင်းကို စိတ်ဝင်တစားရှိတာ။
· ခင်ပွန်းသည် ဝယ်လာတဲ့ ပစ္စည်းကို အပြစ်ရှာပြောတတ်တာ။
· ခင်ပွန်းသည်ရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ စနစ်တကျ မထားတာ။
· ကိစ္စ အသေးအမွှားလေးကို ပုံကြီးချဲ့ပြီး စကားများချင်တာ။
· ဇနီးမောင်နှံ နှစ်ဦးကြား စိတ်ချင်း မတိုက်ဆိုင်တာကို အကြောင်းပြုပြီး မိဘတွေကို ဆွဲထည့်တတ်တာ။
· ကိုယ့်မိဘ ဆွေမျိုးသားချင်းတွေနဲ့ ဖုန်းမှာ စကားအကြာကြီး ပြောဆိုနေတတ်တာ။
· ခင်ပွန်းသည်ရဲ့ မိဘဆွေမျိုးသားချင်း၊ အပေါင်းအသင်းတွေကို ကိစ္စတိုင်းမှာ စိတ်မပါ့တပါ ဆက်ဆံတတ်တာ၊ ဥပေက္ခာပြုတတ်တာ။
· အမြဲတမ်းလိုလို ရောဂါတစ်ခုခုကို အကြောင်းပြပြီး အိမ်အလုပ်မလုပ်ဘဲ ပစ်ထားတတ်တာ။
· ကိုယ့်အိမ်လာတဲ့သူတိုင်းကို ခင်ပွန်းသည်အကြောင်း မဟုတ်ကဟုတ်က အတင်းဖန်တီး ပြောတတ်တာ။
· အိပ်ရာထဲရောက်တာနဲ့ ခင်ပွန်းသည် တစ်နေ့လုံး လုပ်ခဲ့တဲ့ အလုပ်တွေကို တန်းစီပြောခိုင်းတာ။
· ရုံးက မောမောပန်းပန်း ပြန်လာတဲ့ ခင်ပွန်းသည်ကို အိမ်အလုပ် ကူလုပ်ပေးဖို့ မျှော်လင့်တာ။
· ကိုယ့်မိဘအိမ်နဲ့ ခင်ပွန်းသည်ရဲ့ အိမ်ကို နှိုင်းယှဉ်ပြီး နှိမ့်ချ ပြောတတ်တာမျိုးတွေပါပဲ။
ဇနီးသည်မကြိုက်တဲ့ ခင်ပွန်းသည်ရဲ့ တချို့ အမူအကျင့်တွေလည်း ရှိပါသေးတယ်။ အများအားဖြင့်ပေါ့လေ။ အဲဒီအချက်တွေကတော့-
· ဇနီးသည်က အိမ်လာတဲ့ ဧည့်သည်နဲ့ ရယ်ရယ်မောမော ဧည့်ခံစကားပြောတာကို ပြသနာလုပ်တတ်တာမျိုး။
· မိမိရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေအပေါ် စိတ်ဝင်တစား ရှိတတ်တာ။
· စားတဲ့ သောက်တဲ့အခါ အသံမြည်အောင် စားတတ်တာ။
· စကားပြောတိုင်း ဆဲရေးတိုင်းထွာတာ၊ ကြမ်းတမ်းတဲ့ စကားမျိုး ပြောတတ်တာ၊ အော်ကြီးဟစ်ကျယ်ပြောတာ။
· ဆေးလိပ်၊ စီးကရက်သောက်တာ။
· အပေါင်းအသင်းက တိုက်လိုက်လို့ဆိုပြီး အကြောင်းပြ အရက်သေစာ သောက်တတ်တာ။
· အဝတ်အစား သေသေသပ်သပ် မဝတ်တတ်တာ။
· ဇနီးသည်ရဲ့ မွေးနေ့ကို မေ့မေ့ပျောက်ပျောက် နေတတ်တာ။
· ကလေးတွေကို ဆုံးမတဲ့ အခါတိုင်း လက်ပါတတ်တာ။
· အိပ်နေတုန်း စကား ယောင်ပြောတတ်တာ။ ဟောက်တတ်တာ။
· ကိစ္စတိုင်းမှာ မိန်းမကို အပြစ်ရှာတတ်တာ။
· ဖုန်းဆက်တဲ့အခါ အသံကျယ်ကျယ် ပြောတတ်တာ။
· အင်္ကျီချွတ်ပြီးရင် အိပ်ရာပေါ်ပစ်တင်ထားတတ်တာ။
· ခေါင်းမှာ ဆီရွှဲအောင် လိမ်းတတ်တာ။ တချို့ကျတော့ ဆီလုံးဝမလိမ်းဘဲ ဖွာလန်ကြဲနေတတ်တာ။
· ကိုယ့်ဇနီးကို ဘယ်ယောက်ျားနဲ့မဆို သဝန်တိုတတ်တာ။
· အစားအသာက်မှာ တစ်ခုခုကို အပြစ်ရှာပြီး ချေးများတတ်တာ။
· တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုမစိုက်တတ်တာ။
· ကိုယ့်ရဲ့ ဘယ်အသုံးအဆောင် ပစ္စည်းကိုမဆို စနစ်တကျမထားဘဲ ဇနီးသည်ကို လှမ်းလှမ်းမေးတတ်တာ။
· အိမ်တွင်းရေးကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်နေရာမဆို ဇနီးသည်ကို ဖက်လဲတကင်း လုပ်တတ်တာ။
· ဟင်းမကောင်းတဲ့အခါ ထမင်းပန်းကန် ပစ်ပေါက်တတ်တာ။
· အိမ်မှာ အခမ်းအနား တစ်ခုခုလုပ်လို့ ဧည့်သည်တွေ ရောက်နေချိန်ကိုတောင် မထောက်ဘဲ အကြောင်း တစ်ခုခုကြောင့် ဆူညံပူညံလုပ်တတ်တာ။
· ဇနီးသည်ရဲ့ လုပ်ဖော်ကိုင်ဖက် ယောက်ျားတွေရဲ့ နာမည်ကိုတောင် မကြားချင်တာ။
· အကြောင်းတစ်ခုခုနဲ့ ပတ်သတ်လာရင် ဇနီးသည်ရဲ့ ဆွေမျိုးသားချင်းတွေကို တန်းစီပြီး အပြစ်ပြောတတ်တာ။
· ဆွေမျိုးသားချင်း (သို့မဟုတ်) အပေါင်းအသင်းစုံတဲ့အခါ ဇနီးသည်ကို ရှာကြံပြီး အပြစ်ပြောတတ်တာ၊ နှိမ့်ချတတ်တာ။
· အိမ်အပြင် ထွက်တော့မယ်ဆိုရင် ဇနီးသည်ကို ကိုယ့်အကြိုက်အဝတ်အစား ဝတ်ဖို့ တိုက်တွန်းတတ်တာ။
· လူစိမ်း တစ်ယောက်ယောက် အိမ်လာတာတွေ့တာနဲ့ ဇနီးသည်ကို ဘုမသိဘမသိ သံသယမျက်လုံးနဲ့ ကြည့်တတ်တာ။
· ဇနီးမောင်နှံ အတူနေကြတဲ့အခါ ကိုယ့်ကိစ္စပြီးတာနဲ့ တစ်ဖက်လှည့်သွားပြီး ဇနီးနဲ့ကိုယ် ဘာမှမဆိုင်သလို နေတတ်တာ။
· ကိုယ့်ရဲ့ ဆန္ဒတစ်ခုတည်းကိုသာ ကြည့်ပြီး ဇနီးသည်ရဲ့ စိတ်အခြေအနေကို လုံးဝထည့်မတွက်တာ။
(IMAGE မဂ္ဂဇင်းမှာ ပါတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ။ ရေးသားသူ ကတော့ (မ)နီမာလာ ဖြစ်ပါတယ်။ ဒီ file လေးကို www.books-hive.com မှာ ရှာတွေ့လို့ ဒေါင်းလုပ် ချထားတာပါ။ သူငယ်ချင်း ညီအစ်ကို မောင်နှမများ ဖတ်နိုင်အောင်လို့ မျှဝေ ပေးလိုက်တာပဲ ဖြစ်ပါတယ်။)
Labels: ဗဟုသုတ
Valentine’s Day ပေါ်ပေါက်လာပုံနဲ့ ပတ်သတ်ပြီး ထင်မြင် ယူဆချက်တွေ မြောက်များစွာ ရှိပါတယ်။ အချို့သော သူများကတော့ ဒီလိုထင်မြင် ယူဆကြပါတယ်။ ခရစ်တော်ပေါ်ပြီး အေဒီ (၂ဝဝ)ကျော် (၃ရာစု)၊ ရောမမြို့(Rome)မှာ နေထိုင်ခဲ့တဲ့ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း (St. Valentine) မှတဆင့် ဖြစ်ပေါ် လာတာပါလို့ ယူဆ ကြပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ခရစ်ယာန် ဘာသာ အတွက် မွန်မြတ်သော အာဇာနည် တစ်ပါးလို့လဲ တင်စား ခေါ်ဝေါ် ကြပါတယ်။ သူဟာ အေဒီ (၂၆၉)ခု၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ သေဒဏ် စီရင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန်က အုပ်ချုပ်နေတဲ့ ဒုတိယမြောက် ကလောဒီယပ်စ်ဘုရင် (Cludiaus-II)က သူ့ကို ဆန့်ကျင်တယ်ဆိုပြီး ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ဖမ်းဆီး ထောင်ချကာ သေဒဏ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အေဒီ (၄၉၆)ခုမှာတော့ ပုပ်ရဟန်းမင်းကြီး ဂီလာစီးယပ်စ် (Pope Gelasius)က ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကို Valentine’s Dayလို့ သတ်မှတ် ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းရဲ့ အကြောင်းနဲ့ သမိုင်း ဖြစ်စဉ်တွေကို အောက်မှာ ဆက်လက် ဖော်ပြ သွားပါဦးမယ်။
အေဒီ(၃)ရာစုမှာ ရောမ အင်ပါယာကို ဒုတိယမြောက် ကလောဒီယပ်စ် ဘုရင် အုပ်ချုပ်နေပါတယ်။ ကလောဒီယပ်စ် ဘုရင်ဟာ ရောမအင်ပါယာရဲ့ မြို့တော်ဖြစ်တဲ့ ရောမမြို့(Rome)မှာ နန်းစံပါတယ်။ ဘုရင် ကလောဒီယပ်စ်ကို လူတော်တော် များများက သဘောမကျကြပါဘူး။ အဲဒီလို သဘောမကျတဲ့ အထဲမှာ ဘုန်းတော်ကြီး ဗယ်လင်တိုင်းလဲ ပါပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ရောမမြို့မှာ နေထိုင်နေတဲ့ ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပါတယ်။ သူဟာ သနားကြင်နာတတ်ပြီး အပြောအဆို ညင်သာ သိမ်မွေ့သူလဲ ဖြစ်ပါတယ်။ သူ့ကို ချစ်ခင် ကြတဲ့သူတွေ အလွန် များပြားပါတယ်။
ကလောဒီယပ်စ် ဘုရင်ဟာ စစ်လိုလားသူပါ။ သူ့စစ်တပ်ကို အင်အား ကြီးသထက် ကြီးအောင် ပြုလုပ်ချင်သူပါ။ ဒါကြောင့် ရောမအင်ပါယာ ထဲမှာရှိတဲ့ ယောက်ကျားသားများ အားလုံးကို သူ့စစ်တပ်ထဲ ဝင်စေချင်ပါတယ်။ ဒါပေမယ့် သူမျှော်လင့်သလို ဖြစ်မလာပါဘူး။ သူ့အင်ပါယာထဲမှာရှိတဲ့ ယောက်ကျားသားများက စစ်တပ်ထဲ မဝင်ချင်ကြဘူး။ စစ်ကိုလဲ မတိုက်ချင်ကြဘူး။ သူတို့ရဲ့ မိသားစုတွေ၊ မိန်းမနဲ့ ကလေးတွေကို မခွဲခွာချင်ကြဘူး။ ဒါကြောင့် တော်တော် များများက စစ်တပ်ထဲဝင်ဖို့ ငြင်းဆန်ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ကလောဒီယပ်စ်ကို ဒေါသအမျက် ခြောင်းခြောင်းထွက်စေပါတယ်။ ဒါကြောင့်သူဟာ ရက်စက်တဲ့ အကြံအစည် တစ်ခု ကြံစည်ခဲ့တယ်။ တကယ်လို့ ယောက်ကျားတွေသာ မိန်းမမယူ၊ အိမ်ထောင်မပြုဘူးဆိုရင် စစ်တပ်ထဲဝင်ဖို့ စိတ်ပါလာနိုင်တယ်လို့ သူတွေးတောခဲ့တယ်။ ဒါကြောင့် သူအမိန့်တစ်ခု ထုတ်လိုက်တယ်။ အဲဒါကတော့ ထိမ်းမြား လက်ထပ်တာကို ခွင့်မပြုပဲ ပိတ်ပင် တားဆီးတဲ့ အမိန့်ပါပဲ။ လူငယ်များက ဒီအမိန့်ကို အင်မတန် ရက်စက် ကြမ်းကြုတ်တဲ့ အမိန့်လို့ ယူဆကြတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကလဲ ဒီအမိန့်ကို လုံးဝ ယုတ္တိမရှိဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ဒီအမိန့်ကို ဘုန်းတော်ကြီး ဗယ်လင်တိုင်းက လုံးဝ မထောက်ခံခဲ့ပါဘူး။
ဘုန်းတော်ကြီး ဗယ်လင်တိုင်းဟာ ထိမ်းမြား လက်ထပ်တာကို ကောင်းသော ပြုမူခြင်းလို့ ခံယူထားတဲ့အတွက် ကလောဒီယပ်စ် ထုတ်ပြန်ထားတဲ့ အမိန့်ကို မလိုက်နာပဲ ထိမ်းမြား လက်ထပ်ပွဲတွေကို ဆက်လက် လုပ်ဆောင်ပေးခဲ့ပါတယ်။ အမိန့်ကြောင့် တိုးတိုး တိတ်တိတ်ပဲ လုပ်ခဲ့ကြရပါတယ်။ ဖယောင်းတိုင်ငယ်လေးတွေ ထွန်းညှိထားတဲ့ လက်ထပ်ပွဲကျင်းပရာ အခန်းငယ်လေးထဲမှာ ဘုန်းတော်ကြီး ဗယ်လင်တိုင်း၊ သတို့သားနဲ့ သတို့သမီးတို့ပဲရှိပါတယ်။ ကောင်းချီးမင်္ဂလာ ပေးတာကိုလဲ ဘုန်းတော်ကြီးက တိုးတိုးလေးပဲရွတ်ဆိုပါတယ်။ ဒီလိုနဲ့ တိုးတိုးတိတ်တိတ် လက်ထပ်ပွဲတွေကို အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့တာပေါ့။
တစ်ညမှာတော့ လက်ထပ်ပွဲ ကျင်းပနေတုန်းမှာ ဘုရင့်စစ်သားတွေ ရောက်လာပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သတို့သားနဲ့ သတို့သမီးဟာ စစ်သားတွေလက်ထဲ မရောက်ခင် ထွက်ပြေး လွတ်မြောက်သွားပါတယ်။ စစ်သားများဟာ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ဖမ်းလိုက်ကြတယ်။ အဲဒီနောက်မှာတော့ အမိန့်မနာခံမှုနဲ့ ဘုန်းတော်ကြီးကို အကျဉ်းချထားပြီး သေဒဏ်စီရင်ဖို့ အမိန့်ချမှတ်ခဲ့တယ်။
အကျဉ်းကျနေတဲ့ အချိန်မှာ ဘုန်းတော်ကြီးကို ချစ်ခင်ကြတဲ့ သူတွေဟာ အကျဉ်းထောင်အထိ လာရောက်ပြီးတော့ သူတို့ ချစ်ခင်တဲ့ ဘုန်းတော်ကြီးကို ပန်းစည်းတွေ ပစ်ပေးကြတယ်။ စာတိုလေးတွေ ပစ်ပေးကြတယ်။ ထောင်ထဲဝင်လို့မရလို့ ပစ်ပေးကြရရှာတယ်။ ဒီစာလေးတွေ၊ ပန်းစည်းလေးတွေ ကတဆင့် သူတို့ဟာ အချစ်ကို ယုံကြည်ကြတယ် ဆိုတာ ပြောခဲ့ကြတယ်။ သူတို့ဟာ ဘုန်းတော်ကြီးနဲ့ တွေ့ခွင့်မရကြဘူး။ အဲဒီထဲကမှ တစ်ယောက်သော သူဟာ ဘုန်းတော်ကြီးကို တွေ့ခွင့်ရခဲ့တယ်။ အဲဒီ တစ်ယောက်သော သူကတော့ ထောင်မှူးကြီးရဲ့ သမီးလေးဂျူလီယာ(Julia) ပဲဖြစ်ပါတယ်။ သူမရဲ့အဖေဟာ သူမကို ဘုန်းတော်ကြီးနဲ့ တွေ့ဖို့ ခွင့်ပြုခဲ့ပါတယ်။ အချုပ်ခန်းထဲထိလဲ ဝင်ခွင့်ပြုခဲ့တယ်။ သူမဟာ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်တွေကို ထောက်ခံခဲ့တယ်။ ဘုန်းတော်ကြီးရဲ့ နောက်ဆုံးအချိန်တွေကို အဖော်ပြု အားပေးခဲ့တယ်။ (တချို့သော သမိုင်းကြောင်းတွေမှာ ဂျူလီယာက မွေးကတဲက အမြင်အာရုံ မရရှာတဲ့ ဒုက္ခိတမလေး တစ်ယောက်လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဘုန်းတော်ကြီှး ဗယ်လင်တိုင်းက ဘုရားသခင်ထံမှာ ဆုတောင်းပေးလို့ မျက်စိအလင်း ပြန်ရလာတယ်လို့ ရေးသားထားတာလဲ တွေ့ရပါတယ်။)
ဘုန်းတော်ကြီး ဗယ်လင်တိုင်းဟာ သေဒဏ် စီရင်ခြင်း ခံရမယ့်နေ့ (ဖေဖော်ဝါရီ ၁၄ရက်၊ အေဒီ ၂၆၉ခု)မှာ သူ့ရဲ့ နောက်ဆုံး အချိန်တွေမှာ အတူရှိနေခဲ့တဲ့ သူမကို ကျေးဇူးတင်တဲ့ အနေနဲ့ သူမရဲ့ သစ္စာတရား အတွက် စာတိုလေး ပေးခဲ့ပါတယ်။ အဲဒီစာတိုလေး ကတော့ “သင့်ရဲ့ ဗယ်လင်တိုင်းဆီက အချစ်မေတ္တာ”(Love from your Valentine)လို့ အဓိပ္ပါယ် ရပါတယ်။
ဒီစာတိုလေး မှတဆင့် Valentine’s Day မှာ အချစ်သဝဏ် လွှာလေးတွေ ပေးတဲ့အလေ့အထဟာ တကမ္ဘာလုံးကို ပျံ့နှံ့သွားပုံရပါတယ်။ အမှန်တရား ဘက်က ရပ်တည်ခဲ့တဲ့ သူရဲကောင်းကြီး ကတော့ လူသေပေမယ့် နာမည် မသေခဲ့ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အင်အား ကြီးနေပါစေ၊ ချစ်ခြင်း မေတ္တာကို ဖျက်ဆီးလို့ မရနိုင်ဘူး ဆိုတာ လူသားတွေ အားလုံး သဘောပေါက်သွားကြပါပြီ။ အရာအားလုံးထက် အင်အား ကြီးမားတာ ချစ်ခြင်း မေတ္တာတရားဆိုတာ အကြွင်းမဲ့မှန်ကန်ပါတယ်။
အခု အောက်မှာဆက်လက် ဖော်ပြမှာကတော့ အနောက်နိုင်ငံတွေမှာ Valentine’s Day နဲ့ ပတ်သတ်ပြီး ပြုလုပ်ကြတဲ့ ရိုးရာအလေ့အထတွေပါ။
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက အင်္ဂလန်နိုင်ငံ (England)မှာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ရောက်ရင် ကလေး သူငယ်များဟာ လူကြီးတွေလို ဝတ်စား ဆင်ယင်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ သီချင်းတွေ လိုက်လံ သီဆိုပါတယ်။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို ကောင်းချီးပေးတဲ့ သီချင်းတွေပေါ့။ (Happy New Year လိုမျိုး ဖြစ်မယ် ထင်ပါတယ်။)
ဝေးလ်စ် (Wales) နိုင်ငံမှာတော့ သစ်သား ဇွန်းလေးတွေကို ပြုလုပ်ပြီး လက်ဆောင် ပေးကြပါတယ်။ သစ်သား ဇွန်းလေးတွေပေါ်မှာ အသဲပုံ၊ သော့နဲ့ သော့ခလောက် ပုံလေးတွေကို ဆေးခြယ်ပြီး အလှဆင်ကြတယ်။ အဲဒီ အဓိပ္ပါယ်ကတော့ “ငါ့ရဲ့အသဲတံခါးကို မင်းဖွင့်သွားပြီ” (You unlock my heart!) ဆိုတာပဲ ဖြစ်ပါတယ်။
တချို့နိုင်ငံတွေမှာ ဆိုရင် မိန်းမပျိုလေး တွေဟာ ယောက်ကျားပျိုလေး တွေဆီကနေ အဝတ်အစားတွေ လက်ဆောင် အဖြစ်ရကြတယ်။ အဲဒီ အဝတ်အစားတွေကို သိမ်းထားရင် အဲဒီမိန်းမပျိုလေးက လက်ဆောင်ပေးတဲ့ ယောက်ကျားလေးကို လက်ထပ်မယ့်သူလို့ သတ်မှတ် လိုက်တာပဲတဲ့။
တချို့လူတွေကလဲ ဒီလိုယုံကြည်ကြတယ်။ Valentine’s Day မှာ ခေါင်းပေါ်ကနေ မြေလူးငှက်(robin)လေး ဖြတ်ပျံသွားတယ်ဆိုရင် အဲဒီမိန်းကလေးက သင်္ဘောသားနဲ့ လက်ထပ်ရလိမ့်မယ်တဲ့။ စာကလေးငှက် ဆိုရင် ဆင်းရဲတဲ့သူနဲ့ လက်ထပ်ရပြီး ပျော်ရွှင်မှုတော့ ရလိမ့်မယ်တဲ့။ ရွှေဝါရောင်ငှက် (goldfinch)ကို တွေ့ရတယ် ဆိုရင်တော့ မီလျံနာနဲ့ လက်ထပ်ရမယ်တဲ့ဗျား…။
နောက်တစ်ခုကတော့ တကယ်ဖြစ်နိုင်၊ မဖြစ်နိုင် မသိပေမယ့် ဖတ်ပြီးတော့ ပြုံးချင်စရာ အလေ့အထလေးတစ်ခု၊ ယုံကြည်မှုလေးတစ်ခုပေါ့။ တကယ်လို့ သင့်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ သူတွေ တစ်ယောက်ထက်မက ပိုရှိနေမယ်ဆိုရင် ဘယ်တစ်ယောက်နဲ့ လက်ထပ်ရမလဲဆိုတာ ရွေးချယ်တဲ့ နည်းပါပဲ။ အရင်ဆုံး ပန်းသီးတစ်လုံးကို ယူလိုက်ပါ။ ပန်းသီးအညှာကို ကိုင်ပြီး ပန်းသီးကိုလှည့်ပါ။ အဲဒီလိုလှည့်နေတုံးမှာ သင်ရည်ရွယ်ထားတဲ့ သူတွေရဲ့ အမည်တွေကို ရွတ်ပေးရပါမယ်။ ပန်းသီးအညှာ ပြုတ်သွားတဲ့အချိန်မှာ ရွတ်မိတဲ့ အမည်က သင်လက်ထပ်ရမယ့်သူရဲ့ အမည်ပါပဲတဲ့။ ဒါ့အပြင် နောက်တစ်ခုက အဲဒီပန်းသီးကို အလည်ကနေ ထက်ခြမ်း ခွဲကြည့်လိုက်ပါ။ ပြီးတော့ မြင်တွေ့ရတဲ့ ပန်းသီးအစေ့လေးတွေကို ရေတွက်ပါ။ အဲဒီအရေအတွက်က သင်ရမယ့် ကလေး အရေအတွက်ပါပဲတဲ့။ ဒါကို ဖတ်ပြီးတော့ ပြုံးမိကြမယ်လို့ထင်ပါတယ်။
(Valentine’s Day ရဲ့ သမိုင်းနောက်ခံနဲ့ ပတ်သတ်ပြီးတော့ မူကွဲတွေ အများကြီးရှိပါတယ်… အဲဒီထဲကမှ အများက လက်ခံထားကြတဲ့၊ ယုတ္တိလဲရှိတဲ့ အကြောင်းအရာ၊ ဖြစ်နိုင်ခြေလဲရှိတဲ့ အကြောင်းအရာကို ရွေးပြီး ဘာသာပြန်လိုက်တာပါ… မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်… အားလုံးကို အတိအကျ ဘာသာပြန်ထားတာ မျိုးတော့ မဟုတ်ပါဘူး… ဖတ်လို့ကောင်းအောင်၊ မူရင်းအဓိပ္ပါယ် မပျက်အောင်နဲ့ ဆီလျော်မှုရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ပြန်ဆိုထားပါတယ်… လွဲမှားနေတာတွေရှိရင် ဘာသာပြန်ဆိုသူ မိုးသောက်ရဲ့ အားနည်းချက် သာဖြစ်ပါတယ်… ချစ်သူစုံတွဲများ Valentine’s Day မှာ ရင်ခုန်ကြည်နူး ပျော်ရွှင်ကြပါစေ….)
Labels: Valentine's Day အတွက်, ဗဟုသုတ

သင့်မှာ ချစ်သူရှိပါသလား???
နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား???
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။
ကဲ!... ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definition လေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။
၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃ဝ)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။
၃။ နောက်တစ်ခုကတော့ ဝတဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ဝိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈ဝ)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။
လက်တွေ့စမ်းသုံးကြည့်နော်......................
အဟီးးး....................
(ဒီ post လေးကတော့ သူငယ်ချင်းမေဒီဇာရဲ့blog မှာတွေ့ပြီး ဖတ်မိတာပါ… ဖတ်မိပြီးပြီးချင်းပဲ ကြိုက်လွန်းလို့ blog မှာတင်ပါရစေဆိုပြီး တောင်းဆိုလိုက်တာပါ… သူငယ်ချင်းမေဒီကလဲ ပြောထားပါတယ်… ဒီ post လေးကို သူငယ်ချင်းတစ်ယောက်က forward mail ပို့ပေးလို့ တင်ခွင့်ပြုဖို့တောင်းဆိုပြီး တင်လိုက်တာပါတဲ့… ဒါလေးကို မိုးသောက်ရဲ့ blog မှာလဲ တင်နိုင်ပါတယ်တဲ့… ဒါကြောင့် တင်လိုက်တာပါ… Valentine’s Day ရောက်ခါနီးပြီးဆိုတော့ ဒီ post လေးက ချစ်သူစုံတွဲတွေကို အများကြီး အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်…. ဒီ post လေးအတွက် သူငယ်ချင်းမေဒီဇာကို အရမ်းပဲကျေးဇူးတင်ပါတယ်… မေဒီကို forward mail ပို့ပေးတဲ့ သူငယ်ချင်းကိုလဲ ကျေးဇူးတင်ပါတယ်…)
Labels: Valentine's Day အတွက်, ချစ်သူသို့ ..., ဗဟုသုတ

နှင်းဆီ (၁)ပွင့် - - - ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ (၂)ပွင့် - - - ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ (၃)ပွင့် - - - မင်းကိုငါချစ်တယ်
နှင်းဆီ (၄)ပွင့် - - - သေတောင် မခွဲဘူး
နှင်းဆီ (၅)ပွင့် - - - တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ (၆)ပွင့် - - - ချစ်ခင်၊ လေးစား ခွင့်လွတ်တယ်
နှင်းဆီ (၇)ပွင့် - - - မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ (၈)ပွင့် - - - အမြဲတမ်း
နှင်းဆီ (၁ဝ)ပွင့် - - - အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ (၁၁)ပွင့် - - - မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်
နှင်းဆီ (၁၂)ပွင့် - - - တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်
နှင်းဆီ (၁၃)ပွင့် - - - သူငယ်ချင်းအချစ်
နှင်းဆီ (၁၄)ပွင့် - - - ဂုဏ်ယူပါတယ်
နှင်းဆီ (၁၅)ပွင့် - - - ခွင့်လွတ်ပါနော်
နှင်းဆီ (၁၆)ပွင့် - - - မတည်ငြိမ်သော အချစ်
နှင်းဆီ (၁၇)ပွင့် - - - ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ (၁၈)ပွင့် - - - ရိုးသားပွင့်လင်းခြင်း
နှင်းဆီ (၁၉)ပွင့် - - - မျှော်လင့်စောင့်စားခြင်း
နှင်းဆီ (၂ဝ)ပွင့် - - - ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်
နှင်းဆီ (၂၁)ပွင့် - - - ရိုးသားတဲ့အချစ်
နှင်းဆီ (၂၂)ပွင့် - - - ကံကောင်းပါစေ
နှင်းဆီ (၂၅)ပွင့် - - - ပျော်ရွှင်ပါစေ
နှင်းဆီ (၃ဝ)ပွင့် - - - ဖူးစာကိုယုံတယ်
နှင်းဆီ (၃၆)ပွင့် - - - ROMANTIC
နှင်းဆီ့ (၅ဝ)ပွင့် - - - မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီ (၉၉)ပွင့် - - - အမြဲတမ်းအတွက်
နှင်းဆီ (၁ဝဝ)ပွင့် - - - ၁ဝဝ% အချစ်
နှင်းဆီ (၁ဝ၁)ပွင့် - - - အရမ်း... အရမ်း... ချစ်
နှင်းဆီ (၁ဝ၈)ပွင့် - - - လက်ထပ်ခွင့်ပေးပါ
နှင်းဆီ (၁၁၁)ပွင့် - - - အဆုံးမဲ့အချစ်
နှင်းဆီ (၁၄၄)ပွင့် - - - အချိန်တိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီ (၃၆၅)ပွင့် - - - နေ့တိုင်းလွမ်းတယ်
နှင်းဆီ (၉၉၉)ပွင့် - - - မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီ (၁ဝဝ၁)ပွင့် - - - သက်ဆုံးထိတိုင်
Labels: Valentine's Day အတွက်, ဗဟုသုတ
အချစ်ဆိုတာ မီးအိမ်တစ်အိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မငြိမ်းနိုင်ဘူး။
Henry H.Hansa
အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe
အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။
Shakespeare
အချစ်ဟာ ဘဝကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။
Johann W.Goethe
လူတွေရဲ့အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier
အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။
History Myers
ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘဝမှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac


