
“အမေကတော့ ဝမ်းသာမှာသေချာပါတယ်။
အဖေအလုပ်က ပြန်ရောက်ရောက်ချင်း
အမေဘယ်ကိုသွားလဲလို့ အမြဲမေးတတ်တယ်။
အဖေက အိမ်ပြန်ရောက်တာနဲ့ အမေ့ကို တွေ့မြင်ချင်တယ်လေ…
အဖေကတော့ ဝမ်းသာမှာသေချာပါတယ်။
အမေဈေးက ပြန်ရောက်ရောက်ချင်း
အဖေပြန်လာပြီလားလို့ အမြဲမေးတတ်တယ်။
အမေက အိမ်ပြန်ရောက်တာနဲ့ အဖေ့ကို တွေ့မြင်ချင်တယ်လေ…”
- အချစ်စစ်နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ကြတဲ့ ဘဝတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ အချစ်တွေတိုးပွားလာပြီး သံယောဇဉ်ခိုင်မာလာတယ်ဆိုတာ အမှန်ပါပဲ။ ချစ်ခြင်းတွေပြည့်လျှံနေတဲ့ မိဘနှစ်ပါးရဲ့ အချစ်တွေကိုကြည့်ပြီး သားသမီးတွေက ကြည်နူးစွာပြောလိုက်တဲ့စကားလေးတွေ ဖြစ်မှာပါ။
- အဲဒါလေးကို မျှဝေခံစားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်.....
Labels: အချစ်မေတ္တာ
"တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့၊ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။
အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။
အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ဝမ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။ ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ဝမ်းသာအားရနဲ့ ...
"ဟင်... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။"
ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်။
ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။
“အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့”
ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ် ။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနိုင်ပါတယ်။
(ပုံပြင်လေးကို ဘာသာပြန်တဲ့သူ အရမ်းတော်တယ်နော်။ ဘယ်သူလဲမသိဘူး။ ကျွန်တော့်ကိုတော့ တော်တော်မေတ္တာပို့နေကြပြီထင်တယ်။ ကိုယ့်ဘာသာကိုယ် မရေးပဲ သူများရေးထားတာတွေပဲ လိုက်ကူးပြီး ဖော်ပြနေတယ်ဆိုပြီးတော့လေ။ သီးခံပါခင်ဗျာ။ ကျွန်တော်က ကိုယ်တိုင်ရေးဆိုရင် သိပ်မရေးတတ်လို့ပါ။ ဟီးဟီး။)
Labels: အချစ်မေတ္တာ
ဧည့်သည်------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။
ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။"
အင်ဂျင်နီယာ---"ရပါတယ်... တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။"
ဧည့်သည်-----"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ... ဒါပေမယ့် နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"
အင်ဂျင်နီယာ---"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။"
ဧည့်သည်-----"တွေ့ပါပြီ။ ဒါပေမယ့် တချို့ပရိုဂရမ်(program)တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲရှိနိုင်လား။"
အင်ဂျင်နီယာ---"ဘာပရိုဂရမ်(program)တွေ အလုပ်လုပ်နေပါသလဲ။"
ဧည့်သည်-----"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ဝန်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။"
အင်ဂျင်နီယာ---"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင်လိုက်တာနဲ့ အချစ်
ဒဏ်ရာဟောင်းကို အချစ်နည်းစနစ်ဖွဲ့စည်းမှု(system)ကနေ ဖျက်လိုက်မှာပါ။ အဲဒီဒဏ်ရာဟောင်းက
မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိမ့်မယ်။ ဒါပေမဲ့ တခြား
ပရိုဂရမ်(program)တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။
မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင်
အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား"
ဧည့်သည်-----"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"
အင်ဂျင်နီယာ---"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။
မနာလို ဝန်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ
ထပ်သလဲလဲရမ်း(run)ပေးပါ"
ဧည့်သည်-----"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန်
ဟုတ်ပါသလား"
အင်ဂျင်နီယာ---"ဟုတ်ပါတယ်…ဒါပေမယ့် ဒါဟာ အခြေခံအဆင့်ပဲ ရှိပါသေးတယ်။ အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့်(upgrade)ထပ်တိုးသွားနိုင်တယ်။"
ဧည့်သည်-----"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား?
အချစ်ပရိုဂရမ်(program)ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"
အင်ဂျင်နီယာ---"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ
အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို
တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"
ဧည့်သည်-----"ဒါဆို ဘယ်လိုလုပ်ရမလဲ။"
အင်ဂျင်နီယာ---"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက
"ကိုယ့်ကိုကိုယ် ခွင့်လွတ်မှု" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မှု" နဲ့
"ကိုယ်လိုချင်တဲ့ ကန့်သတ်မှု" ဆိုတဲ့ ဖိုင်တွေကို ကော်ပီ(copy)လုပ်ပြီး
ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်(file)တွေကို ဖုံးသွားမှာပါ။
ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်(delete)ပစ်လိုက်ပါ။ နောက်ပြီး (recycle bin) ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"
ဧည့်သည်-----"အင်း.. ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်(file)အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ... ရင်ဘတ်ရဲ့မျက်နှာပြင် (screen)ပေါ်မှာ အပြုံးလေးတွေ တွေ့နေရပါပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က နှလုံးသားမှာ အပြည့် ကော်ပီ(copy)ကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"
အင်ဂျင်နီယာ---"ပုံမှန်ပါပဲ... တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။
တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့
ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပါပြီ။"
အချစ်ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆောင်ထားသင့်တဲ့ ဖရီးဆော့ဖ်ဝဲလ်(free software)တစ်ခု လို့ ကျွန်တော်ပြောဖို့ မေ့သွားတယ်။ အဲဒီ ဆော့ဖ်ဝဲလ်နဲ့ သူ့ထဲက
ဖိုင်တွေကို တခြားလူနဲ့ မျှဝေဖို့ မမေ့ပါနဲ့။ အဲဒီ လူတွေကလည်း
တခြားလူတွေကို ထပ်ပြီးမျှဝေပေးကြမှာပါ။ နောက်ဆုံး အရမ်းကောင်းတဲ့
ဖိုင်တစ်ချို့ ကိုယ့်စီ ပြန်ရောက်လာမှာပါ။
(Forward mail တခုမှ ကူးယူပြီး ပြန်လည်ဖော်ပြထားတာလေးပါ။ အရမ်းသဘောကျလို့ပါ။ ဘယ်သူရေးထားတာလဲတော့ မသိဘူးခင်ဗျ။ သိရင်ပြောပြကြပါဦး။)
Labels: အချစ်မေတ္တာ
“ If we cannot love the person whom we see, how can we love god, whom we cannot see? “
“ တကယ်လို့ ကျွန်ုပ်တို့ဟာ အခု မြင်နေရတဲ့သူကိုမှ မချစ်ခင်ရင် မမြင်ရတဲ့ ဘုရားသခင်ကို ဘယ်လိုလုပ် ချစ်ခင်နိုင်မလဲ “
အဓိပ္ပါယ်က ရှင်းရှင်းလေးနဲ့ ထိရောက်လှပါတယ်… အမှန်ပါပဲ… သင့်ရဲ့ ပါတ်ဝန်းကျင်ကလူတွေကို ချစ်ခင်နှစ်သက်တဲ့စိတ်နဲ့ ကြည့်လိုက်ပါ… သင့်ရဲ့ စိတ်တွေကြည်လင်လန်းဆန်းလာပါလိမ့်မယ်…
“ ချစ်တယ် “ လို့ပြောဖို့ အချိန်စောသေးတယ်ဆိုတာ ဘယ်သောအခါမှ မရှိဘူးလို့ သတိပေးလိုက်ပါတယ်နော်....
အမုန်းတရားတွေ ကင်းဝေးပါစေ….
Labels: အချစ်မေတ္တာ
LOVE COMES FIRST ဆိုတဲ့ ဝတ္ထုတိုလေးကို ဘာသာပြန်ထားတာပါ။ သူငယ်ချင်းတယောက် ဘာသာပြန်ထားတာလေးပါ။ သူက ဒါကို ဖတ်ပြီးပြီးချင်းပဲ ချက်ချင်းဘာသာပြန်လိုက်တာ။ ခံစားကြည့်ပါဦး။ အရမ်းမှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မရှိမဖြစ်လိုအပ်တာပါ။ လူတွေအားလုံးရဲ့ လိုအပ်ချက်လေးကို ထိထိမိမိရေးထားတယ်လို့ မြင်ပါတယ်…
အမျိုးသမီးကြီး တစ်ယောက်ဟာ သူ့အိမ်ထဲကနေ အထွက်မှာ ရှည်လျားဖြူဖွေးတဲ့ မုတ်ဆိတ်မွှေးတွေနဲ့ အဘိုးအို သုံးယောက် သူ့ရှေ့မလှမ်းမကမ်းမှာ ထိုင်နေကြတာတွေ့ခဲ့ရတယ်။ သူမ သူတို့ကို မမှတ်မိပါဘူး။ ဒါပေမယ့် သူမက သူတို့ကို နှုတ်ဆက်လိုက်ပါတယ်။
ကျွန်မရှင်တို့ကို သိတယ်လို့တော့ မထင်မိဘူး။ ဒါပေမယ့် ရှင်တို့ကြည့်ရတာ ဘာမှမစားရသေးဘူးနဲ့တူတယ်။
အိမ်ထဲကိုဝင်ပြီး တစ်ခုခု စားကြပါဦးလား။
သူတို့တွေက ပြန်မေးကြတယ်။
အိမ်ထဲမှာ ယောကျာင်္းသားတစ်ယောက်ယောက်များရှိသလား မိန်းကလေး။
ဟင့်အင်း ... မရှိပါဘူးရှင်။ သူအပြင်ထွက်သွားပါတယ်။
လို့ အမျိုးသမီးက ပြန်ဖြေတယ်။ အဲဒီတော့ အဘိုးအို သုံးယောက်ကလည်း ....
ဒါဆိုရင်တော့ ကျုပ်တို့ဝင်လို့ မဖြစ်သေးဘူး။
လို့ ပြန်ဖြေလိုက်ကြတယ်။ ညနေစောင်းလို့ သူ့ခင်ပွန်းအိမ်ကို ပြန်လာတဲ့ အချိန်ကျတော့ အမျိုးသမီးက မနက်ကအဖြစ်အပျက်အကြောင်း သူ့ခင်ပွန်းကို ပြန်ပြောပြခဲ့တယ်။
အဲဒီတော့ ခင်ပွန်းလုပ်တဲ့ သူက ....
ဒါဆိုလည်း အခုငါအိမ်ပြန်ရောက်ပြီလို့ ထွက်ပြောပြီး သူတို့ကို အိမ်ထဲဝင်ဖို့ ဖိတ်လိုက်လေကွာ။
လို့ သူ့မိန်းမကို တိုက်တွန်းလိုက်တယ်။ ဇနီးလုပ်တဲ့ သူကလည်း အိမ်အပြင်ကိုထွက်ပြီး အဘိုးအို သုံးယောက်ကို အိမ်ထဲဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် အဘိုးအို သုံးယောက်က ဘာပြန်ပြောလဲ ဆိုတော့ ....
တို့ သုံးယောက်က အိမ်တစ်အိမ်ထဲကို အတူတူတွဲပြီး ဝင်လို့မရဘူး ကလေးမရဲ့။
လို့ဆိုကြတယ်။ အဲတော့ အမျိုးသမီးက ....
ဘာဖြစ်လို့လဲ ရှင့်။
လို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အဘိုးအို သုံးယောက်ထဲက တစ်ယောက်က ထွက်လာပြီး ....
ကလေးမ ... ငါ့နာမည်ကတော့ ဦးကြွယ်ဝ လို့ခေါ်တယ်။
ပြီးတော့ ကျန်တဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကိုပါ တစ်ယောက်တစ်လှည့်စီ လက်ညှိုးထိုးပြပြီး ....
သူ့နာမည်ကတော့ ဦးအောင်မြင် နဲ့ သူကတော့ ဦးချစ်သူ….
လို့တစ်ယောက်ချင်းစီ မိတ်ဆက်ပေးပြီး တစ်ဆက်တည်းမှာပဲ ....
ကဲ ကလေးမ ညည်းအိမ်ထဲကို ပြန်ဝင်ပြီး ငါတို့ သုံးယောက်ထဲက ဘယ်သူ့ကို ဖိတ်မှာလဲ ဆိုတာ ညည်းခင်ပွန်းနဲ့ တိုင်ပင်လိုက်ပါဦး။
လို့ ပြောလိုက်တယ်။ အမျိုးသမီးလည်း အိမ်ထဲကို ပြန်ဝင်သွားပြီ သူ့ယောကျာင်္းကို အကြောင်းစုံပြောပြတယ်။ အဲဒီမှာ သူ့ယောကျာင်္းက အရမ်းကို ပျော်သွားပြီး ....
ဟား ..... ဘယ်လောက်များကောင်းလိုက်လဲ မိန်းမရေ .... ဒီလိုဆိုရင်တော့ ဦးကြွယ်ဝကိုပဲ တို့တွေဖိတ်လိုက် ကြရအောင် .... သူ့ကိုအိမ်ထဲ ဖိတ်ပြီး တို့တစ်အိမ်လုံးကို ကြွယ်ဝပြည့်စုံမှုတွေနဲ့ ဖုံးလွှမ်းပစ်လိုက်ကြတာပေါ့။
လို့ အကြံပြုလိုက်တယ်။ ဒါပေမယ့် မိန်းမလုပ်တဲ့သူက သဘောမတူပါဘူး။ သူ့ယောကျာင်္းရဲ့ ထင်မြင်ချက်ကို သူမကလည်း သူ့အတွေးနဲ့ တုံ့ပြန်လိုက်ပါတယ်။
အကိုကလည်း .... ဘာလို့ ဦးအောင်မြင် ကိုကျတော့ မဖိတ်ချင်ရတာလဲ။
အဲဒီအချိန်မှာ အိမ်ရဲ့ ထောင့်တစ်နေရာမှာ ရပ်ပြီး အကြောင်းစုံကို နားထောင်နေတဲ့ ချွေးမလုပ်တဲ့သူက သူ့အတွေး နဲ့ စကားဝိုင်းထဲကို ဝင်ပြီး အကြံပေးလိုက်ပါတယ်။
ဦးချစ်သူ ကို ဖိတ်ရင်ရော မကောင်းဘူးလား အမေ။ သူ့ကိုသာ ဖိတ်လိုက်ရင် သမီးတို့ တစ်အိမ်လုံး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်လွှမ်းပြီး အရမ်းပျော်ဖို့ကောင်းသွားမှာ .. တဲ့။
ချွေးမလုပ်တဲ့သူရဲ့ စကားကို ကြားရပြီးတဲ့နောက်မှာ ယောကျာင်္းလုပ်သူက သူ့မိန်းမကို .....
ဒီလိုဆိုရင်လည်း တို့သမီးရဲ့ စကားကိုပဲ အတည်ပြုလိုက်ကြရအောင်ကွာ .... ကဲမိန်းမရေ .... အပြင်ထွက်ပြီး ဦးချစ်သူကိုပဲ တို့ဧည့်သည်အဖြစ်နဲ့ အိမ်ထဲကို ဖိတ်ခဲ့ပါတော့။
လို့ ပြောလိုက်တယ်။ မယားဖြစ်တဲ့ သူလည်းအပြင်ကိုထွက်သွားပြီး အဘိုးအို သုံးယောက်ကို ....
ရှင်တို့ထဲက ဘယ်သူက ဦးချစ်သူလဲ .... သူ့ကို ကျွန်မတို့ရဲ့ ဧည့်သည်အဖြစ်နဲ့ ဧည့်ခံဖို့ အိမ်ထဲကို ဖိတ်ပါတယ်ရှင်။
လို့ပြောလိုက်ပါတယ်။ အဲဒီအခါမှာ ဦးချစ်သူ ဆိုတဲ့သူထလာပြီး အိမ်ထဲကို ဝင်ဖို့ ခြေလှမ်းပြင်လိုက်တယ်ဆိုရင်ပဲ ကျန်တဲ့ အဘိုးအိုနှစ်ယောက်ကလည်း ထလာပြီး သူ့နောက်ကနေလိုက်ဝင်ဖို့ ဟန်ပြင်လိုက်တာကို အဲဒီ့အမျိုးသမီး တွေ့လိုက်ရတယ်။ အမျိုးသမီးလုပ်တဲ့ သူလည်း အံ့အားတသင့်နဲ့ .....
ကျွန်မဖိတ်တာ ဦးချစ်သူတစ်ယောက်တည်းပါ .... ရှင်တို့က ဘာလို့လိုက်လာရတာလဲ။
လို့ ဦးကြွယ်ဝ နဲ့ ဦးအောင်မြင် ကို မေးလိုက်တယ်။ အဲဒီအခါမှာ အဘိုးအို သုံးယောက်လုံးက တညီတညာတည်း နဲ့ ......
ကလေးမ .... မင်းကသာ ဦးကြွယ်ဝ ဒါမှမဟုတ် ဦးအောင်မြင် တစ်ယောက်ယောက်ကိုများ ဖိတ်ခဲ့မယ်ဆိုရင် ကျန်တဲ့ နှစ်ယောက်က အပြင်မှာ နေကိုနေခဲ့ရလိမ့်မယ်။ ဒါပေမယ့် အခုမင်းက ဦးချစ်သူကို ဖိတ်ခဲ့တာမို့လို့ သူဘယ်နေရာကိုသွားသွား ငါတို့က တူတူ လိုက်ရတော့မှာပေါ့။
လို့ပြောလိုက်ကြတယ်တဲ့။
Labels: ဘာသာပြန်အချစ်များ, အချစ်မေတ္တာ


