အရမ်းအေးတဲ့ ဖေဖော်ဝါရီည တစ်ညပေါ့။ လမ်းပေါ်မှာ လျှောက်သွားနေတဲ့ လူတွေကတော့ နွေးနွေးထွေးထွေး ဖြစ်အောင် အနွေးထည် အထူကြီးတွေ၊ လည်စည်းပုဝါ (မာဖလာ) တွေပတ်ပြီးတော့ သွားလာနေကြတယ်။ ဒီနေ့ တော်တော်ကို အေးတယ်။ ပြူတင်းပေါက်ကနေ အပြင်ကို ငေးနေမိတယ်။ လမ်းပေါ်မှာ လူတွေက အစက် သေးသေးလေးတွေ လှုပ်ရှား နေသလိုပဲ။ ဟိုဘက် သွားလိုက် ဒီဘက် သွားလိုက်နဲ့လေ။ နွေးထွေးနေတဲ့ အခန်းထဲကနေ ကျွန်မ သူတို့ကို ကြည့်ပြီး သနားတောင် သနားလာတယ်။ သူတို့ ဒီအချိန်ထိ အိမ် မပြန်နိုင်ကြသေးပဲ ဘယ်တွေ သွားပြီး ဘာတွေ လုပ်နေပါလိမ့်နော်။ မနက်ထိများ လျှောက်သွား နေကြမလား မသိဘူး။
“အိမ် ပြန်ရတော့မယ်ဟေ့၊ ငါ့ဘဲဘဲလေး ခမျာ စောင့်နေရှာတော့မှာပဲ…”
နပ်စ်မလေး တစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။ ဟုတ်သားပဲ။ အလုပ်ချိန် ပြီးတော့မှာပဲ။
“လုံးဝ မတရားဘူးဟာ။ ဒီလိုမျိုး ဗယ်လင်တိုင်းနေ့ မှာတောင် အိုဗာတိုင် (အချိန်ပို)က ဆင်းရသေးတယ်။”
“အမယ်… နင်ကမှ ကံကောင်းသေးတယ်။ တချို့ဆိုရင် စောင့်မယ့်သူ ဘယ်သူမှ မရှိရှာဘူးဟဲ့။”
“နင် ဒေါက်တာ စမ်းစမ်းထွဏ်း ကိုပြောတာလား?”
နားပါးလွန်းတဲ့ ကျွန်မကလဲ အဲဒီအသံတွေကို ကြားဖြစ်အောင် ကြားလိုက်သေးတယ်။
“နင် မှတ်မိတယ်မလား။ အရင်နှစ်က ဒီနေ့မှာလေ ဒေါက်တာစမ်းစမ်း အရမ်း သွေးပျက်ခဲ့တာလေ။”
“အေး… ငါသိတာပေါ့။ ဒေါက်တာစမ်းစမ်း အဲလိုမျိုး ဖြစ်တာ အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးဘူးဟယ်။ သူသနားပါတယ်။ ”
သူတို့ ပြောနေတာ ကျွန်မ အကြောင်းပါလား။ အရင်နှစ်က အဖြစ်အပျက်တွေ…။
အင်း… သူတို့ပြောတာ မမှားပါဘူး။ အရင်နှစ်က ဒီနေ့မှာ ကျွန်မ အရမ်း သွေးပျက်ခဲ့ရတယ်။
“နင်ကလဲဟယ်…။ ဘယ်လို ပြောလိုက်တာလဲ။ ငါတော့ သူ့ကို အရမ်းသနားတာပဲ။ ငါ့ရည်းစားသာ ငါ့ မျက်စိရှေ့မှာ သေသွားတယ် ဆိုရင် ငါတော့ ရူးမှာပဲ။”
“တိုးတိုး ပြောဦးဟဲ့။ သူ ရှိနေသေးတယ်။ မပြန်သေးဘူး။ ကြားသွားပါဦးမယ်ဟယ်။”
သူတို့ နှစ်ယောက် အရမ်းကို နောက်ကျသွားပါပြီ။ ကန့်လန့်ကာ အကွယ်မှာ ရှိနေတဲ့ ကျွန်မက သူတို့ ပြောတာတွေကို အားလုံး ကြားပြီးသွားပါပြီ။
“ဒေါက်တာ.. ဒီမှာ ဘာလုပ် နေတာပါလဲရှင်။ ဘာများ လိုအပ်လို့လဲ မသိဘူးရှင့်။”
အဲဒီ အချိန်မှာ အခန်းထဲကို ဝင်လာတဲ့ တခြား နပ်စ်မလေး တစ်ယောက်က ကျွန်မကို မေးလိုက်တာပါ။
ကျွန်မ အကြောင်းပြောနေတဲ့ နပ်စ်မလေး နှစ်ယောက်ဟာ ကျွန်မ ရှိနေတာကို သိသွားလောက်ပြီ။ သူတို့တွေ ရှက်သွားလို့ မျက်နှာလေးတွေ နီရဲသွားတာပဲ။ ကျွန်မက ဒီအခန်းထဲမှာ ရှိနေကြောင်း သူတို့ကို အသိမပေးချင်ပါဘူး။ တိတ်တိတ်လေးပဲ ထွက်သွားချင်တာလေ။ အခုတော့ မမျှော်လင့်ပဲ သူတို့ သိသွားကြပြီ ထင်တယ်။
“အော်… ကျွန်မ အိမ်ပြန်မလို့ ပြင်ဆင်နေတာပါ။ အလုပ် ဆင်းတော့မယ်လေ။”
ကျွန်မ ဘာမှမသိ၊ မကြားသလို ဟန်ဆောင်လိုက်တယ်။
“ဒေါက်တာက အလုပ်ကို အရမ်း ကြိုးစားတာပဲ။ အခုက ဒေါက်တာ့ တာဝန်ချိန်တောင် ကျော်နေပြီ။ ဒေါက်တာရေ… ဟတ်ပီး ဗယ်လင်တိုင်းဒေးနော်…။”
ကျွန်မ ပြန်တော့မယ်ဆိုလို့ ခုနက ဝင်လာတဲ့ နပ်စ်မလေးက နုတ်ဆက်နေတာလေ။
“ဟတ်ပီး ဗယ်လင်တိုင်းဒေးပါကွယ်။”
ကျွန်မ ပြန်နုတ်ဆက် လိုက်တယ်။ ခုနက ကျွန်မအကြောင်း ပြောနေတဲ့ နပ်စ်မလေး နှစ်ယောက် ကတော့ သုတ်သုတ် သုတ်သုတ်နဲ့ အခန်းထဲက ထွက်သွားလေရဲ့။
အိမ်ပြန်ဖို့ အချိန်ရောက်လာပြီ။ ခုနက သူတို့ ပြောတဲ့ အတိုင်းပါပဲ။ ကျွန်မကို လာစောင့် ကြိုနေမယ့်သူ ဘယ်သူမှ မရှိဘူး။ ကိစ္စမရှိပါဘူး။ အိမ်မှာ အစာတောင်းဖို့ စောင့်နေမယ့် ကျွန်မရဲ့ ကြောင်လေးက အိမ်ပေါက်ဝမှာ ကျွန်မကို ကြိုနေမှာ တော့ အသေအချာပါပဲ။
အိမ်ရောက်တော့ ကျွန်မကို စောင့်ကြိုနေတဲ့ ကြောင်လေး ပူစီကို မြင်လိုက်တယ်ဆိုရင်ပဲ ကျွန်မ ပျော်ရွှင်သွားတယ်။ ဒါပေမယ့် အိမ်ပေါက်ဝရောက်လာတဲ့ ပူစီလေးရဲ့ ညှိုးငယ်နေတဲ့ မျက်ဝန်းအစုံကြောင့် သနားသွားခဲ့တယ်။ သူတော်တော် ဗိုက်ဆာနေပြီ ထင်ပါရဲ့။ ဘယ်လောက်ပဲ နာကျင် ဝမ်းနည်းနေပါစေ။ ကြောင်တွေက မငိုတတ်ဘူး။ အဲဒါ လူနဲ့ ကွာခြားချက်ပဲ။
“ပူစီလေး… လာ..လာ.. မှီမှီ… ဒီမှာ နွားနို့ လာသောက်၊ လာ… မသောက်ရင် ထုလိုက်မှာနော်။”
ပူစီလေးက မီးညောင်… လို့ အော်နေပါလေရော။ အဲဒီလို အော်တာက ကျွန်မရဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေကို မကြိုက်ဘူးလို့ ပြောနေသယောင်ယောင်။ ပုန်ကန်ချင်တဲ့ မျက်လုံးအစုံနဲ့ ကျွန်မကို ကြည့်နေတယ်လေ။ အဲဒီလို ကြည့်တဲ့မျက်လုံးတွေ…..။ အို… သူ့ မျက်လုံးတွေပေါ့။ သူ့ မျက်လုံးတွေနဲ့ တပုံစံထဲပါပဲ။ သူ့ကို သတိရသွားတဲ့ ကျွန်မရဲ့ စိတ်အစဉ်က ဟိုးအတိတ်ဆီကို လွင့်ပျံ့သွားလေရဲ့….
(ကြိုးစားပြီး ဘာသာ ပြန်ထားတာလေးပါ... ဆက်လက် ဖော်ပြသွားပါ့မယ်...)
Labels: ဘာသာပြန်အချစ်များ
( အဲဒီစာမျက်နှာထဲမှာ ရေးထားတာကတော့…. )
အဲဒီ စာမျက်နှာထဲမှာ သူဟာ ကိုမာ(Coma) ဖြစ်နေတယ် ဆိုတဲ့ အကြောင်း ရေးထားပါတယ်။ သူ့အိမ်က ကျွန်မကို အကြောင်း ကြားလိုက်တာပါ။ ဒီအကြောင်းကို သိသိချင်းမှာ အရမ်းကို တုန်လှုပ် ခြောက်ခြား သွားခဲ့ရတယ်။ ကျွန်မဟာ အိမ်ထဲကို ချက်ချင်း ပြေးဝင်သွားပြီး သူ့ဆီလိုက်သွားဖို့ အတွက် ကျွန်မရဲ့မိဘတွေကို ခွင့်တောင်းခဲ့တယ်။ ကျွန်မကို ချစ်ကြတဲ့ မိဘနှစ်ပါးဟာ ကျွန်မရဲ့ တောင်းဆိုချက်ကို (ဆမ်ရဲ့ အခြေအနေကိုလဲ သိလိုက်တဲ့အတွက်) လွယ်လွယ်ကူကူပဲ ခွင့်ပြုခဲ့တဲ့အပြင် လေယာဉ် လက်မှတ်ပါ စီစဉ် ပေးခဲ့ပါတယ်။ ကံကောင်းတာက နောက်ဆုံးထွက်မယ့် လေယာဉ်ကို မှီလိုက်တာပါပဲ။
ဆမ်တို့မြို့ကို ရောက်ရောက်ချင်းပဲ သူရှိတဲ့ ဆေးရုံကို ကျွန်မ အရင်ဆုံးသွားခဲ့တယ်။ ကျွန်မလေ သူ့ကို အရမ်းတွေ့ချင်နေခဲ့တယ်။ အရမ်းလဲ စိုးရိမ်ခဲ့ရတယ်။ သူ… အဆင်မှ ပြေပါ့မလား။
ဆမ်ရှိတဲ့ အခန်းကို ဝင်လိုက်တဲ့ အချိန်မှာ ကျွန်မရဲ့ နှလုံးခုန်သံတွေ အရမ်း မြန်လာပြီး ရင်ဘတ် တစ်ခုလုံး ဗြောင်းဆန်သွားပါတယ်။ သူ့တစ်ကိုယ်လုံးမှာ ပတ်တီးတွေ အပြည့် စည်းထားရတယ်။ ကျွန်မအရမ်း စိတ်မကောင်း ဖြစ်ရသလို သူ့ကိုလဲ အရမ်း သနားပါတယ်။ သူ ဒီလိုဖြစ်ရတဲ့ အကြောင်းကို သူ့အမေက ကျွန်မကို ပြောပြတယ်။ “သူ့ရဲ့ ဒိုင်ယာရီ စာအုပ်ကို ကိုင်ပြီး စာရေးနေရင်းနဲ့ လမ်းဖြတ်ကူးလိုက်တာ ကားတိုက်ခံရတာ”တဲ့။ အဲဒီ ဒိုင်ယာရီ စာအုပ်က အခု ကျွန်မဆီ ရောက်နေပါပြီ။ ကျွန်မ ဖွင့်ဖတ်လိုက်တယ်။ ပထမဆုံး စာမျက်နှာမှာ ရေးထားတာ ကတော့…….
စက်တင်ဘာ (၁၇) ၂ဝဝ-
(ဒီနေ့ဟာ ကျွန်မ ဒီမြို့လေးနဲ့ သူ့ကို ခွဲခွာ သွားတဲ့နေ့ပဲဆိုတာ ကျွန်မ တွေးလိုက်မိတယ်။)
အောက်မှာ ရေးထားတာ တွေကတော့…….
ဒီနေ့ ကက်ဟာ ငါ့ကိုထားပြီး ထွက်သွားပြီ။ သူဒီလို ထွက်သွားတဲ့ အတွက် သူ့ကို စိတ်ဆိုးမိတယ်။ ဒါကြောင့် လေယာဉ်ကွင်းကို ငါ မသွားခဲ့ဘူး။ ဒါပေမယ့် ငါမနေနိုင်ခဲ့ဘူး။ ငါ့အပြစ်ကို ဝန်ခံဖို့ အတွက်နဲ့ သူမကို ဘယ်လောက် ချစ်တယ်ဆိုတာ ပြောပြဖို့ အတွက် သူမဆီကို လိုက်သွားသင့်ပေမယ့် အရမ်းကို နောက်ကျသွားခဲ့ပြီ။ အခုတော့ ငါ အရမ်းကို ခံစားနေရပြီလေ။ သူနဲ့ တူတူရှိခဲ့တဲ့ အချိန်တွေကို ငါ ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ဘူး။ သူနဲ့အတူ လိုက်သွားနိုင်ဖို့ ဆုတောင်းမိပါတယ်။ ကက်ကို ငါ အရမ်း ချစ်တယ်….
ဆမ်ရဲ့ ဒိုင်ယာရီကို ဖတ်နေရင်း ကျွန်မရဲ့ မျက်ဝန်းမှ မျက်ရည်များ စီးကျလာပါတယ်။ ကျွန်မ ထွက်သွားတဲ့နေ့ကစပြီး သူ ဒိုင်ယာရီတွေကို စရေးခဲ့တယ် ဆိုတာလဲ သိလိုက်ရသလို သူ့အပေါ်လဲ အရမ်း သနားခဲ့ရပါတယ်။ ပိုပြီး ဝမ်းနည်းစရာ ကောင်းတာက သူလဲ ကျွန်မကို ချစ်နေတာ ကျွန်မ မသိခဲ့တာပါပဲ။ စာရွက်တွေ လှန်ဖတ်နေရင်း နောက်ဆုံး စာမျက်နှာကို ရောက်လာပါတယ်။
မတ် (၂၆) ၂ဝဝ-
ငါ့ရဲ့ အပြစ်တွေကို ဝန်ခံဖို့ အတွက် ကက်သရင်းနဲ့ အရမ်း တွေ့ချင်နေပြီ။ သူနဲ့တွေ့ဖို့ မစောင့်နိုင်တော့ဘူး။ သူလဲ ငါ့ကို မြင်ရင် ဝမ်းသာမှာပဲလေ။ ကက်သရင်းရေ.. အရမ်း လွမ်းတယ်ကွာ။ အခုအချိန်မှာ ကက်သရင်းသာ ငါ့အနား ရောက်လာပြီး ငါ့ကို ပွေ့ဖက်ထားမယ်ဆိုရင် ဘယ်လောက် ကောင်းလိမ့်မလဲ။ နောက်ပြီး ငါနဲ့ ဝေးရာကို ဘယ်တော့မှ ထွက်မသွားတော့ဘူးဆိုရင်
ဆမ်ရေးထားတဲ့ ဒိုင်ယာရီဟာ အဲဒီနေရာမှာ ရုတ်တရက် ရပ်သွားပါတယ်။ ဒီစာ ရေးနေတုံး သူဘာတွေ ဆက်ဖြစ်ခဲ့လဲ ဆိုတာ ကျွန်မဖြင့် တွေးတောင် မတွေးရဲပါဘူး။ သူ့ကို တချက် ငဲ့ကြည့်လိုက်မိတဲ့ နောက်မှာတော့ ကျွန်မရဲ့ ပါးပြင်ပေါ်ကို မျက်ရေတွေ ဒလဟော စီးကျ လာပါတော့တယ်။ ကျွန်မ သူ့ရဲ့ လက်ကို တင်းတင်း ဆုပ်ကိုင်ထားတယ်။ ဟိုအရင် အချိန်တွေက ကျွန်မဟာ သူနဲ့အတူ ဒီလိုမျိုး အတူတူ ရှိနေဖို့ ဆုတောင်း ခဲ့တာပေါ့။ အခုတော့…
ကျွန်မ ရင်ထဲမှာ တစစ်စစ်နဲ့ နာကျင် လာပါတယ်။ သူ့ရဲ့ ဒိုင်ယာရီ စာအုပ်ကို ပြန်ဖွင့်ပြီး ဖတ်မိတယ်။ နောက်ပိုင်း စာမျက်နှာတွေ ကတော့ ဘာမှ မရေးထားပါဘူး။ ဒီလို ကြည့်နေတုံးမှာ စာအုပ်ထဲက စာတစ်စောင် ထွက်ကျလာပါတယ်။ စာအိတ်ပေါ်မှာ ကျွန်မ နာမည် ရေးထားတယ်။ စာက ကျွန်မဆီကို ရေးထားတဲ့စာပါ။ စာကို ကျွန်မ ဖွင့်ဖတ်လိုက်တယ်…
ချစ်ရတဲ့ ကက်ရေ…
ဒိုင်ယာရီ စာအုပ်ကို ဖတ်ပြီးသွားရင် စာအုပ်ရဲ့ ကျန်တဲ့ တစ်ဝက်ကို ကက်အနေနဲ့ ရေးစေချင်တယ်။ ကက်ရေ.. မင်းကို အရမ်း လွမ်းတယ်ကွာ။ ကက်.. မင်းကို ကိုယ် တောင်းပန်ပါတယ်ကွာ။ ကက် ကိုယ့်ကို ဖုန်းဆက်တိုင်း ကိုယ်နဲ့ လွဲနေတာ ကိုယ် တကယ်ကို အလုပ် ရှုပ်နေလို့ပါ။ ကိုယ် အခု အလုပ် လုပ်နေပါပြီ။ ကျောင်းလဲ ပြီးတော့မယ်။ မင်းဆီကို အရောက်လာပြီး မင်းကို အံ့သြသွားစေချင်လို့ မင်းကို မပြောပဲ နေခဲ့တာပါ။ မင်းကို တွေ့ဖို့ ကိုယ် မစောင့်နိုင်တော့ဘူး။ ဒီ ၂နှစ်ဆိုတဲ့ အချိန် အတွင်းမှာ မင်းရဲ့လိပ်စာကို ကိုယ် တကယ် မသိခဲ့ပါဘူး။ အဲဒီ အတွက် ကိုယ် တကယ် စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ မင်းရဲ့ ဆွေမျိုး သားချင်းတွေ ဆီမှာလဲ ကိုယ် လိုက်စုံစမ်း ခဲ့ပါတယ်။ မင်းဆီက လာတဲ့ အီးမေးလ် တွေကိုလဲ ပြန်ပို့ဖို့ ကိုယ် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ် အဆင်မပြေလို့ မပို့နိုင်ခဲ့ဘူး။ မင်းကို ကိုယ်က ဂရုမစိုက်လို့ ဒီလိုလုပ်တာ မဟုတ်ပါဘူး။ မင်း အဲဒီလို ယူဆသွားမှာကို ကို အရမ်း ကြောက်ခဲ့ပါတယ်။ တကယ်ပါ။ တကယ့်ကို ကိုယ် ကြိုးစားခဲ့ပါတယ်။ ကိုယ်ဟာ မင်းကို စတွေ့တဲ့နေ့ ကတဲက ချစ်ခဲ့တာပါ။ ဒါပေမယ့် ကိုယ်တို့ရဲ့ သူငယ်ချင်း မေတ္တာ ပျက်စီးသွားမှာ စိုးလို့ ကိုယ် ဖွင့်မပြောခဲ့ဘူး။ နောက်ပြီးတော့ မင်းက ကိုယ့်အပေါ်ကို သူငယ်ချင်း တစ်ယောက် အဖြစ်နဲ့တင် မဟုတ်ပဲ အစ်ကို တစ်ယောက်လိုပါ သဘောထားခဲ့တယ်။ အဲဒီထက် မပိုခဲ့ဘူးလို့ ကိုယ် ထင်ခဲ့တယ်။ ကက်ရယ်.. မင်းကို ကိုယ် ချစ်တယ်။ အရမ်းကို ချစ်ပါတယ် ကက်ရယ်…။ မင်းနဲ့ တူတူ ရှိနေဖို့ အရာရာကို ကိုယ် စွန့်လွှတ် နိုင်ပါတယ်….
စာကို ဖတ်ပြီးတဲ့ အချိန်မှာပဲ ဆမ်နဲ့ တွဲချိတ်ထားတဲ့ ကိရိယာတွေ ဆီကနေ အချက်ပေး အသံတွေ ကြားလိုက်ရတယ်။ ကျွန်မ ဘာလုပ်ရမှန်း မသိအောင် တုန်လှုပ်သွားခဲ့တယ်။ စာအုပ်ကို ပစ်ချပြီး သူ့ဆီ ပြေးသွားမိတယ်။ နောက်တော့ နပ်စ်မလေးတွေကို အကူအညီ တောင်းဖို့ အော်ခေါ် တော့တာပါပဲ။
“ဆမ်ရယ်… ကက်နဲ့ တူတူနေပေးပါ… တူတူနေပါနော်… ကက်ကို မထားခဲ့ပါနဲ့… နော်… မထားသွားပါနဲ့… ဆမ့်ကို ကက် အရမ်း ချစ်ပါတယ် ဆမ်ရယ်…”
ကျွန်မ အရူး တစ်ယောက်လို အော်ဟစ် ငိုယိုနေမိတယ်။ အသားတွေ တဆတ်ဆတ် တုန်နေတဲ့ အထိပေါ့။ ကျွန်မလေ သူ့ကို မသေစေချင်ဘူး။ ကျွန်မကို ထားသွားတာကို မလိုချင်ဘူး။ ကျွန်မ ဘေးနားမှာ သူရှိနေပြီး ဒီအဖြစ် အပျက်တွေဟာ အိမ်မက်တွေပါလို့ ပြောစေချင်တယ်။ ဒါပေမယ့်.. ဒါတွေဟာ အိပ်မက်တွေ မဟုတ်ခဲ့ဘူး။ တကယ် ဖြစ်ပျက်နေတာ။ နောက်ဆုံးတော့ သူ တကယ် သေဆုံးသွားခဲ့တယ်။ ကျွန်မကတော့ ကျန်တဲ့ ဘဝ နေ့ရက်တွေကို ကျန်တဲ့ ဒိုင်ယာရီ စာအုပ် တစ်ဝက်နဲ့အတူ ဖြတ်သန်း ရတော့မယ်။ ဒီစာအုပ်ထဲမှာ ကျွန်မရဲ့ ဘဝ တစ်လျှောက်လုံး ဒိုင်ယာရီတွေ ရေးသွားမှာပါ။ ရေးရင်းနဲ့ စာအုပ် ကုန်သွားလို့ နောက်တစ်အုပ်နဲ့ ထပ်ရေးမယ် ဆိုရင်တောင်မှပဲ ဒီစာအုပ် အဟောင်းလေးလောက် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဒီ စာအုပ်လေး ထဲမှာ ဆမ်ရဲ့ အငွေ့ အသက်တွေ စီးဝင် နေတယ်လေ။ ကျွန်မ သူ့ကို အမြဲတမ်း သတိရနေမှာပါ။ ကျွန်မအတွက် အကောင်းဆုံး သူငယ်ချင်း ဖြစ်ခဲ့တာတွေ၊ ကျွန်မရဲ့ အခက်အခဲ တွေကို အမြဲတမ်း ဖြေရှင်း ပေးခဲ့တာတွေ၊ ကူညီ ဖေးမခဲ့တာတွေ၊ စောင့်ရှောက် ပေးခဲ့တာတွေကို ကျွန်မ ဘယ်လိုမှ မေ့လို့ရမှာ မဟုတ်ပါဘူး။ သူလဲ ကျွန်မကို အရမ်း ချစ်တယ်ဆိုတာ ကျွန်မ သိလိုက်ရတဲ့ အချိန်မှာ သူ့ကို ကျွန်မ အနားကနေ ထွက်ခွာ မသွားစေချင်ပါဘူး။ သူ့ကို ကွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ သူဟာ ကျွန်မဘဝရဲ့ အရေး အပါဆုံးသူ တစ်ယောက်ပါ။ ကျွန်မရဲ့ သူငယ်ချင်း တွေထဲက အကောင်းဆုံးသော သူငယ်ချင်းလဲ ဖြစ်တယ်။ ဒါအပြင် အချစ်ဆုံးသော သူငယ်ချင်း တစ်ယောက်လဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ အချစ်ဆုံး သူငယ်ချင်းကနေ အချစ်ဆုံး ချစ်သူတွေ အဖြစ် ပြောင်းလဲဖို့ နောက်ကျသွားပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူလဲ ကျွန်မကို အရမ်းချစ်ခဲ့တယ်။ ကျွန်မကလဲ သူ့ကို အရမ်းချစ်တယ်။ ကျွန်မတို့ရဲ့ သန့်ရှင်းတဲ့ သူငယ်ချင်း အချစ်ကို အမြဲတမ်း အမှတ်ရနေမှာပါ။ ဆမ် တစ်ယောက် ကောင်းကင်ဘုံမှာ ပျော်ရွှင်ပါစေလို့ ကျွန်မ ဆုတောင်း လိုက်ပါတယ်။ တကယ်ပါ…။ ကျွန်မလေ… သူ့ကို အရမ်း ချစ်ပါတယ်…....။။
(အနီးစပ်ဆုံး အဓိပ္ပါယ် တူအောင်နဲ့ ဖတ်လို့ အဆင်ပြေအောင် ပြန်ဆို ထားပါတယ်... မူရင်း ဝတ္ထုတိုလေးကို ဒီမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်... မူရင်းအဓိပ္ပါယ်နဲ့ အလွန် ကွဲလွဲနေပါက ဘာသာ ပြန်ဆိုသူ ကျွန်တော် မိုးသောက်(ရှမ်းလေး)ရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်ခင်ဗျာ... ချစ်ခြင်း မေတ္တာတရားက အရမ်း လေးနက်ပါတယ်။ မျှဝေ ခံစားနိုင်ကြပါစေ….)
Labels: ဘာသာပြန်အချစ်များ
(“When Friendship Turns to Love” ဆိုတဲ့ ဝတ္ထုတိုလေးကို ကြိုးစားပြီး ဘာသာ ပြန်ထားတာပါ… ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်…)
ကျွန်မရဲ့ ဇာတိမြို့လေးကို ခွဲမသွားချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မွေးကတဲက ဒီမှာပဲ အခြေချမယ်လို့ စိတ်ကူးထားတာပါ။ ဒီမြို့လေးမှ မဟုတ်ပါဘူး။ ကျွန်မနေခဲ့တဲ့ ကျောင်းနဲ့ ဆွေမျိုး သားချင်းတွေကိုလဲ မခွဲခွာချင်ပါဘူး။ အထူးသဖြင့်တော့ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း ဆမ်မြူရယ်ကိုပေါ့။
ဆမ်နဲ့ ကျွန်မက မူလတန်း ကျောင်းတက်စဉ် ကတဲက ခင်မင်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းများ ဖြစ်ပါတယ်။ သူနဲ့ ကျွန်မ စတွေ့ခဲ့တဲ့နေ့လေးကို အခုထိ မှတ်မိနေပါသေးတယ်။ အဲဒီနေ့က ပထမတန်း စတက်တဲ့ ပထမဆုံးနေ့ပေါ့။ ကျွန်မတို့ ၂ယောက်က အတန်းတူတယ်လေ။ အဲဒီနေ့က ကျွန်မဘောပင်လေး ပြုတ်ကျသွားတော့ ခုံအောက်ကိုဝင်ပြီး ကောက်လိုက်တယ်။ အဲဒီအချိန်မှာ ဆမ်နဲ့ ကျွန်မ ခေါင်းချင်း တိုက်မိသွားတယ်။ သူကလဲ ကျွန်မ ဘောပင်လေးကို ကောက်ပေးမလို့ ခုံအောက်ကို ဝင်လိုက်တာ။ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ။ အဲဒီ မတော်တဆ ဖြစ်ရပ်ကလေးကနေ သူနဲ့ကျွန်မက အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်လာကြတာပေါ့။ ကျွန်မတို့ နေ့လည်စာလဲ တူတူစားခဲ့ကြတယ်။ စကားတွေလဲ အများကြီး ပြောခဲ့ကြတယ်။ တစ်ယောက်အပေါ် တစ်ယောက် အရမ်း ခင်မင်ခဲ့ကြပြီး သူငယ်ချင်းကောင်းတွေ ဖြစ်လာကြတယ်။ ဘယ်လောက် ခင်မင်ခဲ့ကြသလဲ ဆိုရင် ကျွန်မဟာ မိသားစုနဲ့ တူတူရှိနေတဲ့ အချိန်လောက် နီးပါး ဆမ်နဲ့ တူတူရှိခဲ့တယ်။ သူဟာ ကျွန်မအတွက် အစ်ကို တစ်ယောက်လိုလဲ အားကိုးရတယ်။ ကျွန်မရဲ့ ပြသနာတိုင်း နီးပါးကို သူပဲ ဖြေရှင်းပေးခဲ့တယ်။ ကျွန်မကလဲ သူ့ကို တော်တော် မှီခိုခဲ့ပါတယ်။ ဆမ်ကလဲ ကျွန်မကို သူငယ်ချင်း တစ်ယောက်လိုရော၊ ညီမလေး တစ်ယောက်လိုပါ ချစ်ရှာပါတယ်။ ဒါပေမယ့် သူ့ကို စတွေ့ကတဲက ချစ်ခဲ့ရတဲ့ ကျွန်မ ခံစားချက်ကို သူမသိပါဘူး။ ကျွန်မကို ညီမလေး တစ်ယောက်လိုပဲ သဘော ထားနေတာဟာ ကျွန်မရဲ့ စိတ် ခံစားချက်ကို ထိခိုက်စေပါတယ်။ ကျွန်မ ခံစားခဲ့ရတယ်။
၆တန်း ရောက်တဲ့နှစ်မှာတော့ ကံကြမ္မာဟာ မမျှော်လင့်ပဲ ပြောင်းလဲခဲ့တယ်။ ဒီ ၅နှစ်အတွင်းမှာ ကျွန်မတို့၂ယောက်ဟာ မယုံကြည် နိုင်လောက်အောင် အချိန်တွေကို အတူတူ ဖြတ်သန်းခဲ့ကြတယ်။ အခု နှစ်မှာတော့ အရာအားလုံးဟာ ပြောင်းလဲသွားတယ်။ သူနဲ့ဝေးရာကို ကျွန်မ ထွက်သွားရတော့မယ်။ ဒါဟာ ကျွန်မအတွက် တစ်စိမ်းပြင်ပြင် ကမ္ဘာတစ်ခုကို ရောက်သွားသလိုပါပဲ။ သူ့အပေါ်ထားရှိတဲ့ ကျွန်မရဲ့ နက်ရှိုင်းတဲ့ အချစ်တွေဟာ ပျောက်ကွယ် မသွားပါဘူး။ ကျွန်မရဲ့အချစ်တွေ သူနဲ့ပဲ အတူကျန်နေခဲ့တယ်။ သူ့ကို ကျွန်မ ခွဲမသွားချင်ခဲ့ဘူး။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ဖုန်း အဆက်အသွယ် မပြတ်ဖို့ သဘောတူခဲ့ကြတယ်။ တစ်ပတ်ကို အနဲဆုံး နှစ်ကြိမ်တော့ ဖုန်းဆက်ကြမယ်။ အားတဲ့အချိန်တိုင်းမှာ စာနဲ့ အီးမေးလ်တွေ အပြန်အလှန် ပို့ကြမယ်။ အဲဒီလို အဆက်အသွယ် ရှိလာမှာကလွဲရင် ကျွန်မတို့ နှစ်ယောက်ဟာ အရင် အချိန်တွေကလို အတူတူ မပျော်နိုင်ကြတော့ဘူး။ တစ်ယောက်ရဲ့ ဓါတ်ပုံကို တစ်ယောက် ကြည့်တာကလွဲရင် တစ်ယောက် အနားမှာ တစ်ယောက် နေပေးနိုင်မှာ မဟုတ်တော့ဘူး။ တွေ့ချင်စိတ်ကို အရမ်း ထိန်းချုပ်နေရတယ် ဆိုတာ ကျွန်မ ဝန်ခံပါတယ်။ ဒီလိုနဲ့ ကျွန်မ မလိုချင်ဆုံးသော ခွဲခွာရမယ့် နေ့ရက်ကို ရောက်လာခဲ့တယ်။
ခွဲခွာရတော့မယ်နေ့မှာ သူ ကျွန်မဆီမလာခဲ့ဘူး။ သူ့ရဲ့ ဆဲလ်ဖုန်းကို ကျွန်မ ခေါ်ပေမယ့် ဖုန်းကိုင်မယ့်သူ မရှိဖြစ်နေပါတယ်။ ကျွန်မ စိတ်ပူလာပါတယ်။ အရမ်းလဲ ဝမ်းနည်းမိတယ်။ ဒီလို ခွဲခွာရမယ့် နေ့ရက်ကိုမှ မေ့ရက်လေခြင်း ဆိုပြီးတော့လေ။ ဒီလိုနဲ့ပဲ ဒီမြို့လေးကို ရင်နာနာနဲ့ ခွဲခွာခဲ့တယ်။ သူမလာနိုင်တဲ့ အကြောင်း တစ်ခုခုတော့ ရှိမှာပါလေ ဆိုပြီးတော့လဲ သူ့ဘက်က တွေးပေးခဲ့တယ်။
တစ်နှစ် ကြာတဲ့အထိ သူနဲ့ကျွန်မ ဘာအဆက်အသွယ်မှ ကောင်းကောင်း မရခဲ့ပါဘူး။ သူ့အိမ်ကို ဖုန်းဆက်တိုင်းလဲ သူ့အမေနဲ့ပဲ တွေ့ခဲ့ပါတယ်။ သူမရှိသေးတဲ့ အကြောင်းနဲ့ ကျွန်မ ဖုန်းဆက်တဲ့ အကြောင်း သူ့ကို ပြန်ပြောလိုက်မယ် ဆိုတာပဲ ကြားရတယ်။ ဒါကြောင့် ကျွန်မ စိတ်ပျက်ခဲ့ရတယ်။ သူများ ကျွန်မကို ရှောင်ချင်နေလို့ ဒီလို လုပ်ရတာလားလို့ တခါတလေ တွေးမိသေးတယ်။
၉တန်း အောင်ပြီးတဲ့နှစ် မှာတော့ သူ့ဆီက ဘာ အဆက်အသွယ်မှ မရတော့ပါဘူး။ သူ့ဆီက အီးမေးလ်တွေ၊ စာတွေလဲ မရတော့ဘူး။ ကျွန်မ ကိုယ့်ဘာသာ ကိုယ် ဖြည့်တွေး တွေးလိုက်တယ်။ သူ တကယ် အလုပ် ရှုပ်နေလို့ပဲ နေမှာပါလေ။ တကယ်လို့ သူ တကယ် အလုပ်မရှုပ်ဘူးဆိုရင်… တကယ်လို့ ကျွန်မကို မေ့နေတာဆိုရင်… တကယ်လို့ သူ နောက်ထပ် ကောင်မလေး တစ်ယောက်နဲ့ တွဲနေတာဆိုရင်… အဲဒါကြောင့် ကျွန်မကို အချိန် မပေးနိုင် လောက်အောင် အလုပ် များနေမယ်ဆိုရင်… ။ တကယ်လို့များ ဆိုတဲ့ အတွေးတွေ ကျွန်မ ခေါင်းထဲမှာ ပြည့်နှက်နေခဲ့တယ်။ ကျွန်မကတော့ သူ့ဆီကို စာတွေ ရေးနေတုံးပါပဲ။ အီးမေးလ်တွေလဲ ပို့နေခဲ့တုံးပဲ။ ဒါပေမယ့် သူ့ဆီက ပြန်စာတွေ မရခဲ့ပါဘူး။
ကျွန်မတွေးခဲ့တဲ့ တကယ်လို့များ.. ဆိုတာတွေ တကယ် ဖြစ်နေခဲ့မယ် ဆိုရင်ရော….။
ဒီလိုသာ တကယ် ဖြစ်နေခဲ့မယ်ဆိုရင် ကျွန်မပျော်နေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူပျော်နေမယ် ထင်လို့ပါ…။
ဒါပေမယ့် ဘာကြောင့် ကျွန်မကို သူ ဘာမှ မပြောရတာလဲ….???
ဒီလိုနဲ့ နောက်ထပ် ၂နှစ်ဆိုတဲ့ အချိန်သာ ကုန်ဆုံးသွားပါတယ်။ သူ့ဆီက စာလဲမရ၊ အီးမေးလ်လဲမဝင်၊ ဖုန်းလဲ မရတော့ပါဘူး။ သူနဲ့ အဆက်အသွယ်ရဖို့ ကျွန်မ ကြိုးစားခဲ့ပါတယ်။ တကယ်ကို ကြိုးစားခဲ့ပါတယ်။ သူ့ကို ချစ်တဲ့အတွက် ကျွန်မ သူ့ကို မေ့လို့မရခဲ့ဘူး။
နောက်တစ်ပတ် အကြာမှာတော့ သူ့ရဲ့အိမ်လိပ်စာနဲ့ စာတစ်စောင် ကျွန်မဆီကို ရောက်လာပါတယ်။ ရရချင်းပဲ စာကို ဖောက်ဖတ်လိုက်တယ်။ ကျွန်မဟာ စိတ်စောပြီး စာကို ဖတ်ချင်လွန်း နေတာကြောင့် နှစ်မျက်နှာ သုံးမျက်နှာလောက် ကျော်ဖတ်လိုက်မိတယ်။ တကယ်က အဲဒီ စာမျက်နှာတွေက အရေးကြီးတဲ့ စာတွေ ဖြစ်နေခဲ့တာပါ…။ အဲဒီ စာမျက်နှာထဲမှာ ရေးထားတာကတော့….
Labels: ဘာသာပြန်အချစ်များ
သား။ ။ “ဖေဖေ… သားမေးစရာတခုရှိလို့။”
အဖေ။ ။ “အင်း… မေးလေ… ဘာလဲ?”
သား။ ။ “ဖေဖေ့အလုပ်မှာ တနာရီကို ပိုက်ဆံဘယ်လောက်ရလဲဟင်။”
အဖေ။ ။ “အဲဒါမင်းအလုပ်လားဟ… ဘာလို့ဒီလိုမေးတာလဲ.. ပြောစမ်း…”
ဖခင်ဖြစ်သူက မောပန်းနေတာကြောင့် စိတ်မရှည်စွာနဲ့ သားဖြစ်သူကို ငေါက်ငမ်းကြမ်းတမ်းစွာ ပြောလိုက်ပါတယ်။
သား။ ။ “သိချင်လို့ပါဖေဖေရယ်… သားကို ပြောပြပါနော်…”
အဖေ။ ။ “တစ်နာရီကို ဒေါ်လာ ၅ဝရတယ်။”
သား။ ။ “အို…”
ကလေးငယ်လေးက အဲဒီလို အာမေဋိတ်သံလေးတောင်ထွက်ပြီး အံ့သြဝမ်းနည်းသွားပုံနဲ့ ခေါင်းလေးငုံ့သွားပါတယ်။
သား။ ။ “ဖေဖေ… သား ဖေဖေ့ဆီက ၂၅ဒေါ်လာလောက် ချေးလို့ရမလားဖေဖေ?”
အဖေဖြစ်သူဟာ တော်တော်လေး ဒေါသထွက်သွားတယ်။
အဖေ။ ။ “မင်း အခုလို ပိုက်ဆံတောင်းတာ ဘာမဟုတ်တဲ့ အရုပ်တွေနဲ့ အသုံးမကျတာတွေ ဝယ်မလို့မဟုတ်လား။ သွားစမ်း.. အခန်းထဲသွားပြီး အိပ်တော့။ မင်းဟာ ဘယ်လောက်တစ်ကိုယ်ကောင်းဆန်လဲဆိုတာ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်စမ်း။ ငါဆိုရင် ဒီလို အသုံးမကျတဲ့အလုပ်တွေကို မလုပ်ဘူးကွ။”
ကလေးငယ်လေးက အခန်းထဲကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ဝင်သွားပါတယ်။
အလုပ်ကပြန်လာလို့ မောပန်းနေတဲ့အဖေဖြစ်သူက ကလေးလေးရဲ့ မေးခွန်းကို စဉ်းစားနေရင်း ထပ်ပြီးစိတ်တိုလာပါတယ်။ သူဟာ ဘာကြောင့် ဒီလိုမေးခွန်းမျိုးကို မေးရတာလဲ?
နောက်တစ်နာရီလောက်ကြာတဲ့အခါမှာတော့ အဖေဖြစ်သူဟာ အမောပြေသွားပြီး ခုနကထက် ပိုပြီး တည်တည်ငြိမ်ငြိမ်လဲဖြစ်လာတယ်။ အဲဒီအချိန်မှာ သူ စတင်စဉ်းစားမိတယ်။ သားလေးဟာ တစ်ခုခုဝယ်ဖို့ တကယ့်ကို လိုအပ်နေလို့ဖြစ်မှာပဲလို့ သူတွေးမိတယ်။ ဘာကြောင့်လဲဆိုတော့ အရင်က သားလေးဟာ အခုလို ပိုက်ဆံချေးတာ၊ တောင်းတာမျိုးလုပ်လေ့လုပ်ထမရှိခဲ့ဘူးလေ။ ကလေးလေးရဲ့ အခန်းဆီကို သူသွားတယ်။ ပြီးတော့ အခန်းတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ သူမေးလိုက်တယ်။
အဖေ။။ “သား… အိပ်နေပြီလား?”
သား။။ “မအိပ်သေးပါဘူး ဖေဖေ။” သားဖြစ်သူက ပြန်ဖြေတယ်။
အဖေ။။ “ခုနက သားအပေါ် ဖေဖေ ဆက်ဆံတာ အရမ်းပြင်းသွားတယ်ကွယ်။ ဒီနေ့ တစ်နေ့လုံး ပင်ပန်းနေလို့ သားအပေါ် ဖေဖေ အနှောင့်အယှက်ပေးမိတယ် သား။ ကဲ.. ရော့သား.. ဒီမှာ သားလိုချင်တဲ့ ၂၅ဒေါ်လာ။”
ကလေးလေးက ကုတင်ပေါ်ကနေ ထထိုင်လိုက်တယ်။ ပြီးတော့ သူက ပြုံးရွှင်စွာနဲ့ အော်ဟစ်လိုက်တယ်။
သား။။ “ အိုး… ကျေးဇူးတင်ပါတယ် ဖေဖေ…..”
အဲဒီနောက်မှာတော့ ကလေးလေးက သူ့ခေါင်းအုံးအောက်က တွန့်ကြေနေတဲ့ ပိုက်ဆံလေးတွေကို ထုတ်လိုက်တယ်။ ဒါကို အဖေဖြစ်သူကမြင်တော့ သားဖြစ်သူမှာ ပိုက်ဆံရှိပြီးသားပဲဆိုပြီး ဒေါသထွက်လာတယ်။ ကလေးလေးဟာ သူ့ပိုက်ဆံတွေကို ဖြေးဖြေးချင်းနဲ့ တစ်ရွက်ချင်း ရေတွက်နေတယ်။ ပြီးတော့ သူ့အဖေကို မော့ကြည့်လိုက်တယ်။
အဖေ။။ “ပိုက်ဆံတွေ ရှိရဲ့သားနဲ့ ဘာဖြစ်လို့ ထပ်လိုချင်ရတာလဲကွ…”
သား။။ “သားမှာ ပိုက်ဆံ မလောက်သေးလို့ပါဖေဖေ…”
နောက်တော့ ကလေးလေးက ဆက်ပြောလိုက်တယ်….
သား။။ “ဖေဖေ… အခု သားမှာ ဒေါ်လာ၅ဝရှိတယ်။ ဖေဖေ့ရဲ့ အချိန်တွေထဲက တစ်နာရီလောက် ဝယ်လို့ရမလားဟင်။ မနက်ဖြန်ကျရင် အိမ်ကို စောစောပြန်လာပေးပါနော်။ သားက ဖေဖေနဲ့အတူတူ ညနေစာစားချင်လို့ပါ….”
အဖေဖြစ်သူဟာ အရမ်းကို ကြေကွဲဝမ်းနည်းသွားပါတယ်။ သူဟာ ချက်ချင်းပဲ ကလေးလေးကို ဖက်လိုက်တယ်။ တင်းတင်းကြပ်ကြပ်ဖက်လိုက်ပါတယ်။ ပြီးတော့ သူ့သားကို တောင်းပန်နေပါတော့တယ်…။
“ဖေဖေ့ကို ခွင့်လွတ်ပါသားရယ်….”
အလုပ်ချိန်တွေအရမ်းများကြတဲ့ ကျွန်တော်တို့အတွက် ဒါဟာ အမှတ်ရစရာပါ။ ဘဝရဲ့အချိန်တွေကို ကျွန်တော်တို့အပေါ် တကယ်ကို အရေးပါတဲ့ သူတွေအတွက် (နှလုံးသားနဲ့ အနီးဆုံးနေရာက လူတွေအတွက်) အနဲနဲ့ အများတော့ ပေးသင့်ပါတယ်။ မပေးပဲနဲ့ ဘဝကို မကုန်ဆုံးသင့်ပါဘူး။ ဒေါ်လာ၅ဝတန်တဲ့ သင့်ရဲ့အချိန်ကို သင်ချစ်တဲ့သူကို ပေးလိုက်ပါ။ တကယ်လို့ ကျွန်တော်တို့ဟာ မနက်ဖြန်မှာ သေဆုံးသွားမယ်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ နာရီပိုင်းအတွင်းမှာ လစ်လပ်သွားတဲ့နေရာကို အစားထိုးလိုက်ဖို့ အရမ်းလွယ်ကူပါတယ်။ ဒါပေမယ့် မိသားစုဝင်တွေကတော့ အစားထိုးဖို့ မဖြစ်နိုင်တဲ့အပြင် ဘဝတလျှောက်လုံး ခံစားနေရမှာပါ။ ~~~~~~~
"CAN I BORROW 25$?” ဆိုတဲ့ ဝတ္ထုတိုလေးကို ဘာသာပြန်ထားတာပါ။ အနီးစပ်ဆုံး အဓိပ္ပါယ်တူအောင် ပြန်ဆိုထားပါတယ်။ မူရင်းအဓိပ္ပါယ်နဲ့ ကွဲလွဲနေပါက ဘာသာပြန်ဆိုသူ ကျွန်တော် မိုးသောက်ရဲ့ အားနည်းချက်သာဖြစ်ပါတယ်။ မေတ္တာတရားက အရမ်းလေးနက်ပါတယ်။ မျှဝေခံစားနိုင်ကြပါစေ….
("God Father" က ပြောခဲ့ပါတယ်။ "မိသားစုကို ပြန်မကြည့်တဲ့သူဟာ ယောင်္ကျားကောင်းမဟုတ်ဘူး" တဲ့။)
Labels: ဘာသာပြန်အချစ်များ
LOVE COMES FIRST ဆိုတဲ့ ဝတ္ထုတိုလေးကို ဘာသာပြန်ထားတာပါ။ သူငယ်ချင်းတယောက် ဘာသာပြန်ထားတာလေးပါ။ သူက ဒါကို ဖတ်ပြီးပြီးချင်းပဲ ချက်ချင်းဘာသာပြန်လိုက်တာ။ ခံစားကြည့်ပါဦး။ အရမ်းမှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မရှိမဖြစ်လိုအပ်တာပါ။ လူတွေအားလုံးရဲ့ လိုအပ်ချက်လေးကို ထိထိမိမိရေးထားတယ်လို့ မြင်ပါတယ်…
အမျိုးသမီးကြီး တစ်ယောက်ဟာ သူ့အိမ်ထဲကနေ အထွက်မှာ ရှည်လျားဖြူဖွေးတဲ့ မုတ်ဆိတ်မွှေးတွေနဲ့ အဘိုးအို သုံးယောက် သူ့ရှေ့မလှမ်းမကမ်းမှာ ထိုင်နေကြတာတွေ့ခဲ့ရတယ်။ သူမ သူတို့ကို မမှတ်မိပါဘူး။ ဒါပေမယ့် သူမက သူတို့ကို နှုတ်ဆက်လိုက်ပါတယ်။
ကျွန်မရှင်တို့ကို သိတယ်လို့တော့ မထင်မိဘူး။ ဒါပေမယ့် ရှင်တို့ကြည့်ရတာ ဘာမှမစားရသေးဘူးနဲ့တူတယ်။
အိမ်ထဲကိုဝင်ပြီး တစ်ခုခု စားကြပါဦးလား။
သူတို့တွေက ပြန်မေးကြတယ်။
အိမ်ထဲမှာ ယောကျာင်္းသားတစ်ယောက်ယောက်များရှိသလား မိန်းကလေး။
ဟင့်အင်း ... မရှိပါဘူးရှင်။ သူအပြင်ထွက်သွားပါတယ်။
လို့ အမျိုးသမီးက ပြန်ဖြေတယ်။ အဲဒီတော့ အဘိုးအို သုံးယောက်ကလည်း ....
ဒါဆိုရင်တော့ ကျုပ်တို့ဝင်လို့ မဖြစ်သေးဘူး။
လို့ ပြန်ဖြေလိုက်ကြတယ်။ ညနေစောင်းလို့ သူ့ခင်ပွန်းအိမ်ကို ပြန်လာတဲ့ အချိန်ကျတော့ အမျိုးသမီးက မနက်ကအဖြစ်အပျက်အကြောင်း သူ့ခင်ပွန်းကို ပြန်ပြောပြခဲ့တယ်။
အဲဒီတော့ ခင်ပွန်းလုပ်တဲ့ သူက ....
ဒါဆိုလည်း အခုငါအိမ်ပြန်ရောက်ပြီလို့ ထွက်ပြောပြီး သူတို့ကို အိမ်ထဲဝင်ဖို့ ဖိတ်လိုက်လေကွာ။
လို့ သူ့မိန်းမကို တိုက်တွန်းလိုက်တယ်။ ဇနီးလုပ်တဲ့ သူကလည်း အိမ်အပြင်ကိုထွက်ပြီး အဘိုးအို သုံးယောက်ကို အိမ်ထဲဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် အဘိုးအို သုံးယောက်က ဘာပြန်ပြောလဲ ဆိုတော့ ....
တို့ သုံးယောက်က အိမ်တစ်အိမ်ထဲကို အတူတူတွဲပြီး ဝင်လို့မရဘူး ကလေးမရဲ့။
လို့ဆိုကြတယ်။ အဲတော့ အမျိုးသမီးက ....
ဘာဖြစ်လို့လဲ ရှင့်။
လို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အဘိုးအို သုံးယောက်ထဲက တစ်ယောက်က ထွက်လာပြီး ....
ကလေးမ ... ငါ့နာမည်ကတော့ ဦးကြွယ်ဝ လို့ခေါ်တယ်။
ပြီးတော့ ကျန်တဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကိုပါ တစ်ယောက်တစ်လှည့်စီ လက်ညှိုးထိုးပြပြီး ....
သူ့နာမည်ကတော့ ဦးအောင်မြင် နဲ့ သူကတော့ ဦးချစ်သူ….
လို့တစ်ယောက်ချင်းစီ မိတ်ဆက်ပေးပြီး တစ်ဆက်တည်းမှာပဲ ....
ကဲ ကလေးမ ညည်းအိမ်ထဲကို ပြန်ဝင်ပြီး ငါတို့ သုံးယောက်ထဲက ဘယ်သူ့ကို ဖိတ်မှာလဲ ဆိုတာ ညည်းခင်ပွန်းနဲ့ တိုင်ပင်လိုက်ပါဦး။
လို့ ပြောလိုက်တယ်။ အမျိုးသမီးလည်း အိမ်ထဲကို ပြန်ဝင်သွားပြီ သူ့ယောကျာင်္းကို အကြောင်းစုံပြောပြတယ်။ အဲဒီမှာ သူ့ယောကျာင်္းက အရမ်းကို ပျော်သွားပြီး ....
ဟား ..... ဘယ်လောက်များကောင်းလိုက်လဲ မိန်းမရေ .... ဒီလိုဆိုရင်တော့ ဦးကြွယ်ဝကိုပဲ တို့တွေဖိတ်လိုက် ကြရအောင် .... သူ့ကိုအိမ်ထဲ ဖိတ်ပြီး တို့တစ်အိမ်လုံးကို ကြွယ်ဝပြည့်စုံမှုတွေနဲ့ ဖုံးလွှမ်းပစ်လိုက်ကြတာပေါ့။
လို့ အကြံပြုလိုက်တယ်။ ဒါပေမယ့် မိန်းမလုပ်တဲ့သူက သဘောမတူပါဘူး။ သူ့ယောကျာင်္းရဲ့ ထင်မြင်ချက်ကို သူမကလည်း သူ့အတွေးနဲ့ တုံ့ပြန်လိုက်ပါတယ်။
အကိုကလည်း .... ဘာလို့ ဦးအောင်မြင် ကိုကျတော့ မဖိတ်ချင်ရတာလဲ။
အဲဒီအချိန်မှာ အိမ်ရဲ့ ထောင့်တစ်နေရာမှာ ရပ်ပြီး အကြောင်းစုံကို နားထောင်နေတဲ့ ချွေးမလုပ်တဲ့သူက သူ့အတွေး နဲ့ စကားဝိုင်းထဲကို ဝင်ပြီး အကြံပေးလိုက်ပါတယ်။
ဦးချစ်သူ ကို ဖိတ်ရင်ရော မကောင်းဘူးလား အမေ။ သူ့ကိုသာ ဖိတ်လိုက်ရင် သမီးတို့ တစ်အိမ်လုံး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်လွှမ်းပြီး အရမ်းပျော်ဖို့ကောင်းသွားမှာ .. တဲ့။
ချွေးမလုပ်တဲ့သူရဲ့ စကားကို ကြားရပြီးတဲ့နောက်မှာ ယောကျာင်္းလုပ်သူက သူ့မိန်းမကို .....
ဒီလိုဆိုရင်လည်း တို့သမီးရဲ့ စကားကိုပဲ အတည်ပြုလိုက်ကြရအောင်ကွာ .... ကဲမိန်းမရေ .... အပြင်ထွက်ပြီး ဦးချစ်သူကိုပဲ တို့ဧည့်သည်အဖြစ်နဲ့ အိမ်ထဲကို ဖိတ်ခဲ့ပါတော့။
လို့ ပြောလိုက်တယ်။ မယားဖြစ်တဲ့ သူလည်းအပြင်ကိုထွက်သွားပြီး အဘိုးအို သုံးယောက်ကို ....
ရှင်တို့ထဲက ဘယ်သူက ဦးချစ်သူလဲ .... သူ့ကို ကျွန်မတို့ရဲ့ ဧည့်သည်အဖြစ်နဲ့ ဧည့်ခံဖို့ အိမ်ထဲကို ဖိတ်ပါတယ်ရှင်။
လို့ပြောလိုက်ပါတယ်။ အဲဒီအခါမှာ ဦးချစ်သူ ဆိုတဲ့သူထလာပြီး အိမ်ထဲကို ဝင်ဖို့ ခြေလှမ်းပြင်လိုက်တယ်ဆိုရင်ပဲ ကျန်တဲ့ အဘိုးအိုနှစ်ယောက်ကလည်း ထလာပြီး သူ့နောက်ကနေလိုက်ဝင်ဖို့ ဟန်ပြင်လိုက်တာကို အဲဒီ့အမျိုးသမီး တွေ့လိုက်ရတယ်။ အမျိုးသမီးလုပ်တဲ့ သူလည်း အံ့အားတသင့်နဲ့ .....
ကျွန်မဖိတ်တာ ဦးချစ်သူတစ်ယောက်တည်းပါ .... ရှင်တို့က ဘာလို့လိုက်လာရတာလဲ။
လို့ ဦးကြွယ်ဝ နဲ့ ဦးအောင်မြင် ကို မေးလိုက်တယ်။ အဲဒီအခါမှာ အဘိုးအို သုံးယောက်လုံးက တညီတညာတည်း နဲ့ ......
ကလေးမ .... မင်းကသာ ဦးကြွယ်ဝ ဒါမှမဟုတ် ဦးအောင်မြင် တစ်ယောက်ယောက်ကိုများ ဖိတ်ခဲ့မယ်ဆိုရင် ကျန်တဲ့ နှစ်ယောက်က အပြင်မှာ နေကိုနေခဲ့ရလိမ့်မယ်။ ဒါပေမယ့် အခုမင်းက ဦးချစ်သူကို ဖိတ်ခဲ့တာမို့လို့ သူဘယ်နေရာကိုသွားသွား ငါတို့က တူတူ လိုက်ရတော့မှာပေါ့။
လို့ပြောလိုက်ကြတယ်တဲ့။
Labels: ဘာသာပြန်အချစ်များ, အချစ်မေတ္တာ


