Blogger Template by Blogcrowds.

သဘာဝတရားရဲ့ ထူးခြားချက် ကတော့ အံ့ဖွယ်ပါပဲ။ ကမ္ဘာမှာရှိတဲ့ လူဦးရေသန်း (၆ဝဝဝ)ဟာ တစ်ယောက်နဲ့ တစ်ယောက် လုံးဝ မတူကြပါဘူး။ ရုပ်ရည်၊ စိတ်နေ စိတ်ထား၊ အကျင့်စာရိတ္တ အားလုံး အားလုံးပါပဲ။ တူလှ တချို့ အချက်တွေ လောက်ပေါ့။ ချွတ်စွပ် တူတယ် ဆိုတာ မရှိသလောက် ရှားပါတယ်။ အမွှာပူး အချင်းချင်းတောင် ချွတ်စွပ် တူတယ်ထား၊ စိတ်ဓါတ်၊ အကျင့်တွေက တခြားစီ ဖြစ်နေတတ်ပါတယ်။ တစ်ခုခုတော့ လွဲနေမှာပါပဲ။ ဒါပေမယ့် ယောက်ကျား၊ မိန်းမ၊ ကလေး၊ လူငယ်တွေမှာ စိတ်ဓာတ်၊ အကျင့်၊ ရည်ရွယ်ချက် စတာတွေ တူနေ တတ်တာတွေ ရှိကြတယ်။ သာမာန်အားဖြင့် တူတတ်တဲ့ အချက် ကလေးတွေပေါ့။ မိခင် အချင်းချင်း၊ သားသမီး အချင်းချင်း၊ ယောက္ခမ၊ ချွေးမ၊ ယောက်မ၊ မတ်၊ ဇနီး၊ ခင်ပွန်း အချင်းချင်း စိတ်ဓာတ် ခံယူချက်၊ ဆန္ဒ အကြိုက် စတာတွေ တူနေတတ် ကြတာကို တွေ့ရပါတယ်။ အခု ဖော်ပြ လိုက်တာက ခင်ပွန်းသည်က ဇနီးသည် အပေါ် မကြိုက်တတ်တဲ့ အချက်တွေနဲ့ ဇနီးသည်က ခင်ပွန်းသည် အပေါ် မကြိုက်တတ်တဲ့ အချက် ကလေးတွေပါပဲ။

ဇနီးသည်တွေရဲ့ တချို့အကျင့်၊ တချို့လုပ်ရပ်တွေကို အများအားဖြင့်သော ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။ အဲဒီအချက်တွေကတော့-

· ခင်ပွန်း အိမ်ပြန်လာတာ တွေ့ပါလျက် အိမ်နီးချင်းနဲ့ စကားအပြော မပျက်နေတတ်တာမျိုး။

· ကိုယ့်တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုမစိုက်တတ်တာ။

· ခင်ပွန်းသည်ဘက်က ဆွေမျိုးသားချင်းတွေကို မလေးစားတာ။

· ခင်ပွန်းသည်ရဲ့ အားနည်းချက်ကို သရော်လှောင်ပြောင်တာ။

· ချင်ပွန်းသည်ရဲ့ ဆန္ဒကို မသိယောင်ဆောင် နေတတ်တာ။

· ကာမဆက်ဆံမှုကို စိတ်မပါဟန်ပြတာ။

· ခင်ပွန်းကို အရာရာမှာ အပြစ်ပြောတတ်တာ။

· အိမ်ထောင်သည်ပဲဆိုပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရေ သေသပ်လှပမှုကို ဂရုမပြုတတ်တာ။

· ခင်ပွန်းသည်ရဲ့ ဝင်ငွေ၊ လခကို အသေးစိတ် စာရင်းလိုက်မေးတာ။

· သူများအိမ်လည်ဖို့ ဝါသနာကြီးတာ။

· အိမ်တွင်း အလှအပ သန့်ရှင်းရေးကို စိတ်မဝင်စားတာ။

· သားသမီးရဲ့ ဝေယျာယစ္စကို စိတ်မဝင်စားတာ။

· ကိုယ့်ဆွေမျိုးသားချင်းကို တွယ်တာလွန်းတာ။

· ယောက္ခမနဲ့ ယောက်မအကြောင်း ကြံဖန် အပြစ်ပြောတာ။

· ခင်ပွန်းသည်ရဲ့ရုံး၊ လုပ်ငန်းက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး သံသယထားတတ်တာ။

· ဘာမဟုတ်တဲ့ ကိစ္စအတွက် စိတ်ကောက်တတ်တာ။

· သူစိမ်းတွေရှေ့မှာ ခင်ပွန်းသည်ရဲ့ အားနည်းချက်တွေ ထုတ်ဖော်ပြောတတ်တာ။

· သူစိမ်းယောက်ကျားတွေ၊ ခင်ပွန်းသည်ရဲ့ ယောက်ျားလေး အပေါင်းအသင်းတွေ အကြောင်းကို စိတ်ဝင်တစားရှိတာ။

· ခင်ပွန်းသည် ဝယ်လာတဲ့ ပစ္စည်းကို အပြစ်ရှာပြောတတ်တာ။

· ခင်ပွန်းသည်ရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ စနစ်တကျ မထားတာ။

· ကိစ္စ အသေးအမွှားလေးကို ပုံကြီးချဲ့ပြီး စကားများချင်တာ။

· ဇနီးမောင်နှံ နှစ်ဦးကြား စိတ်ချင်း မတိုက်ဆိုင်တာကို အကြောင်းပြုပြီး မိဘတွေကို ဆွဲထည့်တတ်တာ။

· ကိုယ့်မိဘ ဆွေမျိုးသားချင်းတွေနဲ့ ဖုန်းမှာ စကားအကြာကြီး ပြောဆိုနေတတ်တာ။

· ခင်ပွန်းသည်ရဲ့ မိဘဆွေမျိုးသားချင်း၊ အပေါင်းအသင်းတွေကို ကိစ္စတိုင်းမှာ စိတ်မပါ့တပါ ဆက်ဆံတတ်တာ၊ ဥပေက္ခာပြုတတ်တာ။

· အမြဲတမ်းလိုလို ရောဂါတစ်ခုခုကို အကြောင်းပြပြီး အိမ်အလုပ်မလုပ်ဘဲ ပစ်ထားတတ်တာ။

· ကိုယ့်အိမ်လာတဲ့သူတိုင်းကို ခင်ပွန်းသည်အကြောင်း မဟုတ်ကဟုတ်က အတင်းဖန်တီး ပြောတတ်တာ။

· အိပ်ရာထဲရောက်တာနဲ့ ခင်ပွန်းသည် တစ်နေ့လုံး လုပ်ခဲ့တဲ့ အလုပ်တွေကို တန်းစီပြောခိုင်းတာ။

· ရုံးက မောမောပန်းပန်း ပြန်လာတဲ့ ခင်ပွန်းသည်ကို အိမ်အလုပ် ကူလုပ်ပေးဖို့ မျှော်လင့်တာ။

· ကိုယ့်မိဘအိမ်နဲ့ ခင်ပွန်းသည်ရဲ့ အိမ်ကို နှိုင်းယှဉ်ပြီး နှိမ့်ချ ပြောတတ်တာမျိုးတွေပါပဲ။

ဇနီးသည်မကြိုက်တဲ့ ခင်ပွန်းသည်ရဲ့ တချို့ အမူအကျင့်တွေလည်း ရှိပါသေးတယ်။ အများအားဖြင့်ပေါ့လေ။ အဲဒီအချက်တွေကတော့-

· ဇနီးသည်က အိမ်လာတဲ့ ဧည့်သည်နဲ့ ရယ်ရယ်မောမော ဧည့်ခံစကားပြောတာကို ပြသနာလုပ်တတ်တာမျိုး။

· မိမိရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေအပေါ် စိတ်ဝင်တစား ရှိတတ်တာ။

· စားတဲ့ သောက်တဲ့အခါ အသံမြည်အောင် စားတတ်တာ။

· စကားပြောတိုင်း ဆဲရေးတိုင်းထွာတာ၊ ကြမ်းတမ်းတဲ့ စကားမျိုး ပြောတတ်တာ၊ အော်ကြီးဟစ်ကျယ်ပြောတာ။

· ဆေးလိပ်၊ စီးကရက်သောက်တာ။

· အပေါင်းအသင်းက တိုက်လိုက်လို့ဆိုပြီး အကြောင်းပြ အရက်သေစာ သောက်တတ်တာ။

· အဝတ်အစား သေသေသပ်သပ် မဝတ်တတ်တာ။

· ဇနီးသည်ရဲ့ မွေးနေ့ကို မေ့မေ့ပျောက်ပျောက် နေတတ်တာ။

· ကလေးတွေကို ဆုံးမတဲ့ အခါတိုင်း လက်ပါတတ်တာ။

· အိပ်နေတုန်း စကား ယောင်ပြောတတ်တာ။ ဟောက်တတ်တာ။

· ကိစ္စတိုင်းမှာ မိန်းမကို အပြစ်ရှာတတ်တာ။

· ဖုန်းဆက်တဲ့အခါ အသံကျယ်ကျယ် ပြောတတ်တာ။

· အင်္ကျီချွတ်ပြီးရင် အိပ်ရာပေါ်ပစ်တင်ထားတတ်တာ။

· ခေါင်းမှာ ဆီရွှဲအောင် လိမ်းတတ်တာ။ တချို့ကျတော့ ဆီလုံးဝမလိမ်းဘဲ ဖွာလန်ကြဲနေတတ်တာ။

· ကိုယ့်ဇနီးကို ဘယ်ယောက်ျားနဲ့မဆို သဝန်တိုတတ်တာ။

· အစားအသာက်မှာ တစ်ခုခုကို အပြစ်ရှာပြီး ချေးများတတ်တာ။

· တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုမစိုက်တတ်တာ။

· ကိုယ့်ရဲ့ ဘယ်အသုံးအဆောင် ပစ္စည်းကိုမဆို စနစ်တကျမထားဘဲ ဇနီးသည်ကို လှမ်းလှမ်းမေးတတ်တာ။

· အိမ်တွင်းရေးကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်နေရာမဆို ဇနီးသည်ကို ဖက်လဲတကင်း လုပ်တတ်တာ။

· ဟင်းမကောင်းတဲ့အခါ ထမင်းပန်းကန် ပစ်ပေါက်တတ်တာ။

· အိမ်မှာ အခမ်းအနား တစ်ခုခုလုပ်လို့ ဧည့်သည်တွေ ရောက်နေချိန်ကိုတောင် မထောက်ဘဲ အကြောင်း တစ်ခုခုကြောင့် ဆူညံပူညံလုပ်တတ်တာ။

· ဇနီးသည်ရဲ့ လုပ်ဖော်ကိုင်ဖက် ယောက်ျားတွေရဲ့ နာမည်ကိုတောင် မကြားချင်တာ။

· အကြောင်းတစ်ခုခုနဲ့ ပတ်သတ်လာရင် ဇနီးသည်ရဲ့ ဆွေမျိုးသားချင်းတွေကို တန်းစီပြီး အပြစ်ပြောတတ်တာ။

· ဆွေမျိုးသားချင်း (သို့မဟုတ်) အပေါင်းအသင်းစုံတဲ့အခါ ဇနီးသည်ကို ရှာကြံပြီး အပြစ်ပြောတတ်တာ၊ နှိမ့်ချတတ်တာ။

· အိမ်အပြင် ထွက်တော့မယ်ဆိုရင် ဇနီးသည်ကို ကိုယ့်အကြိုက်အဝတ်အစား ဝတ်ဖို့ တိုက်တွန်းတတ်တာ။

· လူစိမ်း တစ်ယောက်ယောက် အိမ်လာတာတွေ့တာနဲ့ ဇနီးသည်ကို ဘုမသိဘမသိ သံသယမျက်လုံးနဲ့ ကြည့်တတ်တာ။

· ဇနီးမောင်နှံ အတူနေကြတဲ့အခါ ကိုယ့်ကိစ္စပြီးတာနဲ့ တစ်ဖက်လှည့်သွားပြီး ဇနီးနဲ့ကိုယ် ဘာမှမဆိုင်သလို နေတတ်တာ။

· ကိုယ့်ရဲ့ ဆန္ဒတစ်ခုတည်းကိုသာ ကြည့်ပြီး ဇနီးသည်ရဲ့ စိတ်အခြေအနေကို လုံးဝထည့်မတွက်တာ။

တကယ်လို့ ဇနီးသည်မှာ ဖြစ်စေ၊ ခင်ပွန်းသည်မှာ ဖြစ်စေ အထက်ပါ အကျင့်လေးတွေ ရှိခဲ့ရင် သတိ လက်လွတ် မနေဘဲ ပြုပြင် လိုက်ရင်တော့ ကိုယ့်အိမ်ထောင်ရေး ပိုပြီး အဆင်ပြေ သာယာ ပျော်ရွှင်လာမှာ အမှန်ပါပဲ။ လူငယ် မောင်မယ်တွေ ကြိုတင် သတိထား နိုင်ရင်တော့ လိမ္မာပါးနပ်တဲ့ ဇနီးလောင်း၊ ခင်ပွန်းလောင်းလေးတွေ ဖြစ်လာမှာပဲပေါ့။

နီမာလာ


(IMAGE မဂ္ဂဇင်းမှာ ပါတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ။ ရေးသားသူ ကတော့ (မ)နီမာလာ ဖြစ်ပါတယ်။ ဒီ file လေးကို www.books-hive.com မှာ ရှာတွေ့လို့ ဒေါင်းလုပ် ချထားတာပါ။ သူငယ်ချင်း ညီအစ်ကို မောင်နှမများ ဖတ်နိုင်အောင်လို့ မျှဝေ ပေးလိုက်တာပဲ ဖြစ်ပါတယ်။)

8 Comments:

  1. Anonymous said...
    ကိုရှမ်းလေးရေ...
    တစ်ကယ်ကို မှတ်သားလောက်တဲ့ အကြောင်းလေးတွေ... ခုလိုတင်ပြပေးတာ ကျေးဇူးဗျို့... ပြီးတော့ ပို့စ်လေးကိုလည်း လင့်ခ်သွားပါတယ်ရှင့်...
    Anonymous said...
    ကိုရှမ်းလေးရေ မှတ်သားစရာပိုစ့်လေးပါပဲဗျာ ဖတ်မှတ်သွားတယ်ဗျာ အဆင်ပြေပျော်ရွှင်ပါစေဗျာ။
    Welcome said...
    အဟေး
    မှတ်သားစရာတွေချည်းပဲ။
    ကြိုတင်ဆောင်ရန် ရှောင်ရန်တွေ
    ကောင်းတယ်ဗျာ။
    ပျော်၂ကြီးး ကူးသွားပီနော်
    Anonymous said...
    မှတ်သားစရာတွေပဲဗျို့ မိန်းမယူရင် အဲဒါမျိုးတွေ
    ရှောင်ရအောင် ဖတ်မှတ်သွားတယ်ဗျ။
    ကိုယ့်အကျင့်တွေလဲ ဖျောက်ရမှာပေါ့နော။
    ကောင်းကင်ပြာ said...
    copy လုပ်ပြီးလင့်သွားတယ်၊
    My Diary said...
    ဖက်ပြီးသားတွေကိုတင်ပြပေးတာ အများကြီး ကျေးဇူးတင်ပါတယ်
    မှတ်သွားတယ် တစ်နေ့2တော့ အသုံးတည့်လာမှာ သေချာတယ်
    မသက်ဇင် said...
    ရှမ်းလေးရေ--
    ဗဟုသုတ တွေအခုလိုဖြန့်ဝေပေးတာကျေးဇူးတင်ပါတယ်--
    တန်ဘိုးရှိပါတယ်--အားပေးနေပါတယ်--
    မိုးသောက်(ရှမ်းလေး) said...
    ဗဟုသုတတွေ ရသွားကြတယ်ဆိုရင် ကျွန်တော် တင်ပြရတဲ့သူ ဝမ်းသာပါတယ်... အားပေးတဲ့အတွက် အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ....

Post a Comment



Newer Post Older Post Home