Blogger Template by Blogcrowds.

တဖက်သတ်အချစ်...

မောင်…

> အဲဒီနေ့က ကျမဘဝအတွက် အပျော်ဆုံးနေ့လေးပေါ့..... ကျမ အချစ်ကို
ရှာဖွေတွေ့ရှိတဲ့နေ့လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး...

> သူ ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအင်္ကျီ
အဖြူလေးကို ဝတ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင်သွားတာပေါ့။

> ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆရာတွေ
စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....

> သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။
ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။

> သူ့ကိုလေ... တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင်ကြသေးတယ်။
မြွေမြွေချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့အချစ်ကို လိုချင်နေကြတာလေ... ကျမ မသိဘူးများ ထင်နေကြလား။

> ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။ အင်း... ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကိုရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အရှေ့စားပွဲဝိုင်းမှာထိုင်၊ သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမနေ့စဉ်လုပ်နေကျ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။

> ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။

> ကျမချစ်ရတဲ့ မောင်ရေ..... မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။ မောင်.. မိန်းကလေး ဘဝကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။

> ဘာပဲဖြစ်ဖြစ် မောင်ရယ်... မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့ကျောင်းတက်ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင် နောက်ရက်တွေစာမေးပွဲဖြေဖို့ပဲကျန်တော့တယ်။ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။

> မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့ မိန်းကလေးတန်မယ့်လာပြောတော့မယ် မောင်ရေ......

> ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင် လာတတ်တဲ့ လမ်းကလေးကနေ မောင့်ကို ကျမစောင့်နေလိုက်တယ်… ဒီနေ့မှ မောင်ရယ်.. နောက်ကျလိုက်တာ.....လာပါတော့....

> ဟော... ဟိုမှာ... မောင်လာနေပြီ... အရင်က မောင်လာရင် ဘေးမှာ အဖေါ်တယောက်ပါနေကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။

> မောင်ရေ.... မောင့်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ တခုခုဖြစ်နေဟန်ဆောင်လိုက်တယ်။

> "ဟိတ်... တို့ကို တခုကူညီပါလား"

> မောင်.. လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေပျော်ကုန်ပါပြီ မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ လှည့်ထွက်သွားတယ်။ မောင်ရယ်... ရက်စက်လိုက်တာ....၊၊

> ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သိအောင် ဖွင့်ပြောရမယ်။

> "မောင်"

> အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ.. မောင့်ကို အပြုံးတခု လက်ဆောင်ပေးလိုက်တယ်။ မောင်... ကျမကို ရက်ရက်စက်စက် စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။

> မောင်ရယ်..ရက်စက်လိုက်တာ..... မောင်... လုပ်ရက်တယ်။ မောင်.... မောင်... ကျမကို ဒီလိုမျိုး မပြောသင့်ပါဘူး။

> "ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"

>မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ...................

(မရီနဲ့နော်…. ဟီးဟီး…)

စာဆို......................................
Dr.David Myo Gyi ( ရာဇဝင် ထဲက စောက်တလွဲ မောင်ရွဲ )


ဒါလေးကိုလဲ forward mail ကနေပဲရတာပါ။ စာဆိုကတော့ Dr.David Myo Gyi ( ရာဇဝင် ထဲက စောက်တလွဲ မောင်ရွဲ ) ပါတဲ့ခင်ဗျာ။ တော်တော်လေးရီရတယ်။ အစကတော့ ဖတ်ရင်းနဲ့ အဟုတ်ထင်နေတာ။ ကိုရီးယားကားတွေ မြန်မာမှာခေတ်စားလာတော့ ကောင်မလေးတွေက ကောင်လေးတွေကို ရီးစားစကားစပြောတဲ့ခေတ်ကို ရောက်ပြီပေါ့လို့ တွက်လိုက်တာ။ ဖတ်ရင်းနဲ့ အဆုံးသတ်ကျတော့ ရီလိုက်ရတာဗျာ။ ဒါကြောင့် အားလုံးရီနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ ရီရင် အသက်ရှည်တယ်လေ။ ကျန်းမာအသက်ရှည်မှ အချိန်ကြာကြာ ချစ်နိုင်မှာလေ။ ဟုတ်တယ်ဟုတ်….

အခိုင်မြဲဆုံး ချစ်ခြင်းမေတ္တာ


“အမေကတော့ ဝမ်းသာမှာသေချာပါတယ်။
အဖေအလုပ်က ပြန်ရောက်ရောက်ချင်း
အမေဘယ်ကိုသွားလဲလို့ အမြဲမေးတတ်တယ်။
အဖေက အိမ်ပြန်ရောက်တာနဲ့ အမေ့ကို တွေ့မြင်ချင်တယ်လေ…

အဖေကတော့ ဝမ်းသာမှာသေချာပါတယ်။
အမေဈေးက ပြန်ရောက်ရောက်ချင်း
အဖေပြန်လာပြီလားလို့ အမြဲမေးတတ်တယ်။
အမေက အိမ်ပြန်ရောက်တာနဲ့ အဖေ့ကို တွေ့မြင်ချင်တယ်လေ…”



- “နှင်းဆီအိပ်မက်” ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲမှာ ဇာတ်ဆောင်တယောက်ပြောသွားတာပါ။ ကိုရီးယားကဗျာလေး ထင်ပါတယ်။ အဲဒါကို ကြည့်ပြီးပြီးချင်းပဲ စာအုပ်ထဲမှာ ကောက်မှတ်လိုက်တာပါပဲ။ အရမ်းသဘောကျသွားလို့ပါ။ ခေါင်းစဉ်ကိုတော့ “အခိုင်မြဲဆုံး ချစ်ခြင်းမေတ္တာ” လို့ အမည်ပေးလိုက်ပါတယ်။

- အချစ်စစ်နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ကြတဲ့ ဘဝတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ အချစ်တွေတိုးပွားလာပြီး သံယောဇဉ်ခိုင်မာလာတယ်ဆိုတာ အမှန်ပါပဲ။ ချစ်ခြင်းတွေပြည့်လျှံနေတဲ့ မိဘနှစ်ပါးရဲ့ အချစ်တွေကိုကြည့်ပြီး သားသမီးတွေက ကြည်နူးစွာပြောလိုက်တဲ့စကားလေးတွေ ဖြစ်မှာပါ။

- အဲဒါလေးကို မျှဝေခံစားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်.....

ဆောင်းအိပ်မက်ကဗျာ

ချစ်သူရယ်…
ငါဟာလေပြေလေးဖြစ်ပြီး မင်းဆံနွယ်ကိုတိုးဝှေ့ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ငါဟာပန်းတစ်ပွင့်ဖြစ်ပြီး မင်းနှုတ်ခမ်းကိုနမ်းရှိုက်ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ငါဟာနှင်းငွေ့လေးဖြစ်ပြီး မင်းကိုထွေးပွေ့ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ပန်းရိုင်းလေးတွေ လေပြည်ညင်းနဲ့အတူ ကခုန်တတ်သွားပြီ။
စိတ်ကောက်နေတဲ့ ပန်းကလေးတွေ နံနက်ခင်းအလင်းနဲ့ အတူပြုံးတတ်ခဲ့ပြီ။
အသည်းအရိုင်းနဲ့ကိုလေ… မင်းအလှတို့အောက် ယိမ်းထိုးသွားလိုက်တာ….

ခံစားရေးဖွဲ့သူ-ဆောင်းအိပ်မက်

Hans Christian Andersen ရဲ့ပုံပြင်

"တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့၊ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ဝမ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။ ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ဝမ်းသာအားရနဲ့ ...
"ဟင်... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။"

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်။
ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။

“အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့”

ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ် ။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနိုင်ပါတယ်။

(ပုံပြင်လေးကို ဘာသာပြန်တဲ့သူ အရမ်းတော်တယ်နော်။ ဘယ်သူလဲမသိဘူး။ ကျွန်တော့်ကိုတော့ တော်တော်မေတ္တာပို့နေကြပြီထင်တယ်။ ကိုယ့်ဘာသာကိုယ် မရေးပဲ သူများရေးထားတာတွေပဲ လိုက်ကူးပြီး ဖော်ပြနေတယ်ဆိုပြီးတော့လေ။ သီးခံပါခင်ဗျာ။ ကျွန်တော်က ကိုယ်တိုင်ရေးဆိုရင် သိပ်မရေးတတ်လို့ပါ။ ဟီးဟီး။)

အချစ်ကိုတပ်ဆင်ခြင်း

အင်ဂျင်နီယာ---"ဘာများ ဝန်ဆောင်ပေးရမလဲ ခင်ဗျာ။"

ဧည့်သည်------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။
ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။"

အင်ဂျင်နီယာ---"ရပါတယ်... တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။"

ဧည့်သည်-----"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ... ဒါပေမယ့် နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"

အင်ဂျင်နီယာ---"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။"

ဧည့်သည်-----"တွေ့ပါပြီ။ ဒါပေမယ့် တချို့ပရိုဂရမ်(program)တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲရှိနိုင်လား။"

အင်ဂျင်နီယာ---"ဘာပရိုဂရမ်(program)တွေ အလုပ်လုပ်နေပါသလဲ။"

ဧည့်သည်-----"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ဝန်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။"

အင်ဂျင်နီယာ---"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင်လိုက်တာနဲ့ အချစ်
ဒဏ်ရာဟောင်းကို အချစ်နည်းစနစ်ဖွဲ့စည်းမှု(system)ကနေ ဖျက်လိုက်မှာပါ။ အဲဒီဒဏ်ရာဟောင်းက
မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိမ့်မယ်။ ဒါပေမဲ့ တခြား
ပရိုဂရမ်(program)တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။
မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင်
အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား"

ဧည့်သည်-----"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"

အင်ဂျင်နီယာ---"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။
မနာလို ဝန်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ
ထပ်သလဲလဲရမ်း(run)ပေးပါ"

ဧည့်သည်-----"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန်
ဟုတ်ပါသလား"

အင်ဂျင်နီယာ---"ဟုတ်ပါတယ်…ဒါပေမယ့် ဒါဟာ အခြေခံအဆင့်ပဲ ရှိပါသေးတယ်။ အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့်(upgrade)ထပ်တိုးသွားနိုင်တယ်။"

ဧည့်သည်-----"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား?
အချစ်ပရိုဂရမ်(program)ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"

အင်ဂျင်နီယာ---"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ
အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို
တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"

ဧည့်သည်-----"ဒါဆို ဘယ်လိုလုပ်ရမလဲ။"

အင်ဂျင်နီယာ---"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက
"ကိုယ့်ကိုကိုယ် ခွင့်လွတ်မှု" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မှု" နဲ့
"ကိုယ်လိုချင်တဲ့ ကန့်သတ်မှု" ဆိုတဲ့ ဖိုင်တွေကို ကော်ပီ(copy)လုပ်ပြီး
ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်(file)တွေကို ဖုံးသွားမှာပါ။
ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်(delete)ပစ်လိုက်ပါ။ နောက်ပြီး (recycle bin) ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"

ဧည့်သည်-----"အင်း.. ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်(file)အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ... ရင်ဘတ်ရဲ့မျက်နှာပြင် (screen)ပေါ်မှာ အပြုံးလေးတွေ တွေ့နေရပါပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က နှလုံးသားမှာ အပြည့် ကော်ပီ(copy)ကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ---"ပုံမှန်ပါပဲ... တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။
တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့
ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပါပြီ။"

အချစ်ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆောင်ထားသင့်တဲ့ ဖရီးဆော့ဖ်ဝဲလ်(free software)တစ်ခု လို့ ကျွန်တော်ပြောဖို့ မေ့သွားတယ်။ အဲဒီ ဆော့ဖ်ဝဲလ်နဲ့ သူ့ထဲက
ဖိုင်တွေကို တခြားလူနဲ့ မျှဝေဖို့ မမေ့ပါနဲ့။ အဲဒီ လူတွေကလည်း
တခြားလူတွေကို ထပ်ပြီးမျှဝေပေးကြမှာပါ။ နောက်ဆုံး အရမ်းကောင်းတဲ့
ဖိုင်တစ်ချို့ ကိုယ့်စီ ပြန်ရောက်လာမှာပါ။


(Forward mail တခုမှ ကူးယူပြီး ပြန်လည်ဖော်ပြထားတာလေးပါ။ အရမ်းသဘောကျလို့ပါ။ ဘယ်သူရေးထားတာလဲတော့ မသိဘူးခင်ဗျ။ သိရင်ပြောပြကြပါဦး။)

ချစ်သူသို့ (၄) ......


ချစ်သူဆိုတာ
ဘယ်ကိုသွားသွား ဘယ်နားနေနေ
ဘာတွေလုပ်လုပ်
သူ့ ကနုတ်ပန်း၊ ရင်ထဲလန်းလျက်
သူ့ အရုပ်လေး၊ ရင်ထဲနွေးလျက်
မတွေ့ဘဲလည်း မြင်နေတတ်တယ်
မနမ်းဘဲလည်း လွမ်းနေတတ်တယ်
မငြိစွန်းဘဲ ခင်တွယ်တယ်
တမျှော်တငေး အနေဝေးတော့
အတွေးလေးနဲ့ ဆွေးရတယ် .....

(အမည်မသိကဗျာဆရာရေ... တကယ်ခံစားပြီး ရေးဖွဲ့ခဲ့တာပဲဗျာ...)

သဝန်တိုတတ်သူ........


  • ကိုကို့ … ကိုချစ်ပါသလား
  • ချစ်ပါတယ် ကိုကိုရယ်…
  • ဘယ်လောက်တောင် ချစ်ပါသလဲ
  • မိုးလောက်ကြီးချစ်ပါတယ်
  • ဘယ်ထဲက ချစ်ပါသလဲ
  • နှလုံးသားထဲက ချစ်ပါတယ်…
  • ဘယ်လောက်ကြာကြာချစ်မှာလဲ
  • ကမ္ဘာတည်သ၍ ချစ်ပါ့မယ်…
  • နတ်ပြည်သွားရင်ရော
  • လိုက်မှာပေါ့…
  • ငရဲပြည်သွားရင်ရော
  • လိုက်မှာပဲ…
  • မြို့ထဲက အနှိပ်ခန်းတွေသွားရင်ရော
  • သွားရဲသွားကြည့် ……. အကြောင်းသိမယ်…

Newer Posts Older Posts Home