Blogger Template by Blogcrowds.

Merry X'mas to all............!



သူငယ်ချင်းများ အားလုံး Merry X'mas ပါ...
အခုလို ပျော်စရာကောင်းတဲ့ ခရစ္စမတ်ကာလမှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်.....
ချစ်သူများလဲ ဒီလို မင်္ဂလာရှိတဲ့အချိန်အခါမှာ
ပျော်စရာကောင်းတဲ့အချိန်များကို
အတူတကွနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေဗျာ......
ကျွန်တော့်ကိုလဲ ပြန်ဆုတောင်းပေးဦးနော်... :P

ချစ်သူသို့ (၅) ......



အနားမှာမရှိပေမယ့်
စိတ်ထဲကတော့ တစ်ဖဝါးမှ မခွာချင်ပါဘူး….

ရင်ထဲကစကားတွေကို
တယ်လီဖုန်းနဲ့ ကြားစေခဲ့တယ်ဆိုပေမယ့်
တကယ်ရှိချင်တာက ချစ်သူကိုဘေးမှာထားပြီး
မျက်နှာချင်းဆိုင် စကားတွေ အများကြီးပြောချင်တာပါ...

ချစ်သူရဲ့မွေးနေ့မှာ
အနွေးထွေးဆုံးလက်ဆောင်က
အဝေးက အနမ်းတွေပဲဖြစ်နေခဲ့ရတယ်….

ချစ်သူရေ…..
ပြန်ဆုံတဲ့အခါမှာ
ရင်ခုန်ကြည်နူးစေတဲ့
အနွေးထွေးဆုံးလက်ဆောင်တွေကို ပေးပါ့မယ်နော်…

အဲဒီလက်ဆောင်တွေကတော့
“ချစ်သူဘေးနားမှာ
ကိုရှိနေမယ့် အချိန်” တွေပါပဲ…..

ချစ်သူလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ…


(ဒီနေ့ဟာ ဘွဲ့ရတာ ၃နှစ်ပြည့်တဲ့နေ့ဖြစ်သလို ကျွန်တော့်ချစ်သူရဲ့ မွေးနေ့လဲဖြစ်ပါတယ်။ အမှတ်တရနေ့ပါပဲ။ ကျွန်တော့်ချစ်သူရဲ့ မွေးနေ့တိုင်းမှာ သူ့ဘေးမှာ ကျွန်တော်ရှိနေချင်တာ ကျွန်တော့်ရဲ့ အကြီးမားဆုံးဆန္ဒပါ။ ချစ်သူစဖြစ်ပြီးကတဲက ချစ်သူရဲ့ မွေးနေ့တိုင်းမှာ သူ့ဘေးမှာ ကျွန်တော်မရှိပဲ အဝေးမှာပဲရောက်နေခဲ့ပါတယ်။ ဒီနေ့မနက် စောစောထ၊ ဘုရားရှိခိုးပြီး ဆုတောင်းတယ်။ ချစ်တဲ့သူတွေတိုင်း မခွဲမခွာနေနိုင်ကြပါစေလို့…..)

ဘာကြောင့်ချစ်မိသွားတာလဲ....

ဘယ်လောက်ပဲ အိပ်ချင်နေပါစေ၊ အိပ်ခါနီးအချိန်လေးမှာ အိပ်မပျော်ခင် သူ့အကြောင်းကို စဉ်းစားတယ်ဆိုရင် သေချာပါတယ် သူ့ကိုချစ်မိသွားလို့ပဲ။

အားလပ်တဲ့ အချိန်လေးတွေမှာ သူစိတ်ဝင်စားအောင် ဘယ်လိုလေးတွေလုပ်မယ်ဆိုတဲ့ အတွေးလေးရှိနေတာလဲ သေချာပါတယ် သူ့ကို ချစ်မိသွားလို့ပဲ။

သူနဲ့ပက်သက်အမျှအရာအားလုံးကို နေ့တိုင်းနေ့တိုင်း ဂရုတစိုက် အလေးထားတယ်ဆိုရင်လည်း သေချာပါတယ် သူ့ကို ချစ်မိလို့ပါပဲ။

ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက message ဒါမှမဟုတ် ဖုန်းကိုစောင့်နေမိတယ်ဆိုရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပါပဲ။

သူနဲ့အတူ နှစ်ယောက်တည်း စကားပြောရတာကို နှစ်သက်တယ်ဆိုရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

တူရှိနေတဲ့အချိန် သူ့ကိုဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင်လိုက်ရှာတတ်တာ သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

သူဖျားနေနေရင်၊ ထိခိုက်ဒဏ်ရာရလာရင် လွန်တာထက် ပိုစိုးရိမ်မိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ ပဲ။

တစ်ခြားလူအပေါ် သူ စေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို သဝန်တိုမိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

သူ့ရဲ့ ချိုမြမြအပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်နေရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

သူ့အကြောင်း၊ သူ့သတင်းတွေကို အမြဲနားစွင့်နေတတ်ရင်လည်း သူ့ကို ကိုယ် ချစ်မိသွားလို့ပါပဲ။

သူပေးတဲ့ လက်ဆောင်လေးတွေကို အမှတ်တရသိမ်းထားတယ် ဆိုရင်လည်း သူ့ကို ကိုယ် ချစ်မိသွားလို့ပါပဲ။

သူနဲ့ chat နေရင်း offline ဖြစ်သွားမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ သေချာပါတယ် သူ့ကို ချစ်နေလို့ပါပဲ။

ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို သတိရနေမိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

ချစ်တဲ့ သူတိုင်း ပျော်ရွှင်ကြပါစေ……


(ဒါလေးကို ဖတ်ဖူးကြမလားမသိဘူး။ forward mail တခုကနေရတာပါ။ အင်္ဂလိပ်လိုရေးထားတာကို အရင်ဖတ်ဖူးပါတယ်။ နောက်တော့ မြန်မာဘာသာပြန်ထားတာရောက်လာပါတယ်။ ဘယ်သူပြန်ထားလဲ မသိပါဘူး။ အစရှာမရဘူးခင်ဗျ။ ဘယ်လိုပဲဖြစ်ဖြစ် တကယ်မှန်တဲ့ အကြောင်းအချက်လေးတွေပဲဆိုတာ ဖတ်ကြည့်ရင်သိမှာပါ။ ဒါလေးကို blog မှာတင်ဖို့ ရွေးချယ်လိုက်တာ အားလုံးဖတ်စေချင်တဲ့ ဆန္ဒပါ…..)

အချစ်ဆိုတာ မီးအိမ်တစ်အိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မငြိမ်းနိုင်ဘူး။
Henry H.Hansa

အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe

အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။
Shakespeare

အချစ်ဟာ ဘဝကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။
Johann W.Goethe

လူတွေရဲ့အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier

အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။
History Myers

ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘဝမှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac

အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာထက်စာရင် ကောင်းသေးတယ်။
Alfred Tennyson

တဖက်သတ်အချစ်...

မောင်…

> အဲဒီနေ့က ကျမဘဝအတွက် အပျော်ဆုံးနေ့လေးပေါ့..... ကျမ အချစ်ကို
ရှာဖွေတွေ့ရှိတဲ့နေ့လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး...

> သူ ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအင်္ကျီ
အဖြူလေးကို ဝတ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင်သွားတာပေါ့။

> ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆရာတွေ
စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....

> သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။
ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။

> သူ့ကိုလေ... တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင်ကြသေးတယ်။
မြွေမြွေချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့အချစ်ကို လိုချင်နေကြတာလေ... ကျမ မသိဘူးများ ထင်နေကြလား။

> ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။ အင်း... ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကိုရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အရှေ့စားပွဲဝိုင်းမှာထိုင်၊ သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမနေ့စဉ်လုပ်နေကျ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။

> ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။

> ကျမချစ်ရတဲ့ မောင်ရေ..... မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။ မောင်.. မိန်းကလေး ဘဝကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။

> ဘာပဲဖြစ်ဖြစ် မောင်ရယ်... မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့ကျောင်းတက်ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင် နောက်ရက်တွေစာမေးပွဲဖြေဖို့ပဲကျန်တော့တယ်။ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။

> မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့ မိန်းကလေးတန်မယ့်လာပြောတော့မယ် မောင်ရေ......

> ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင် လာတတ်တဲ့ လမ်းကလေးကနေ မောင့်ကို ကျမစောင့်နေလိုက်တယ်… ဒီနေ့မှ မောင်ရယ်.. နောက်ကျလိုက်တာ.....လာပါတော့....

> ဟော... ဟိုမှာ... မောင်လာနေပြီ... အရင်က မောင်လာရင် ဘေးမှာ အဖေါ်တယောက်ပါနေကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။

> မောင်ရေ.... မောင့်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ တခုခုဖြစ်နေဟန်ဆောင်လိုက်တယ်။

> "ဟိတ်... တို့ကို တခုကူညီပါလား"

> မောင်.. လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေပျော်ကုန်ပါပြီ မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ လှည့်ထွက်သွားတယ်။ မောင်ရယ်... ရက်စက်လိုက်တာ....၊၊

> ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သိအောင် ဖွင့်ပြောရမယ်။

> "မောင်"

> အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ.. မောင့်ကို အပြုံးတခု လက်ဆောင်ပေးလိုက်တယ်။ မောင်... ကျမကို ရက်ရက်စက်စက် စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။

> မောင်ရယ်..ရက်စက်လိုက်တာ..... မောင်... လုပ်ရက်တယ်။ မောင်.... မောင်... ကျမကို ဒီလိုမျိုး မပြောသင့်ပါဘူး။

> "ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"

>မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ...................

(မရီနဲ့နော်…. ဟီးဟီး…)

စာဆို......................................
Dr.David Myo Gyi ( ရာဇဝင် ထဲက စောက်တလွဲ မောင်ရွဲ )


ဒါလေးကိုလဲ forward mail ကနေပဲရတာပါ။ စာဆိုကတော့ Dr.David Myo Gyi ( ရာဇဝင် ထဲက စောက်တလွဲ မောင်ရွဲ ) ပါတဲ့ခင်ဗျာ။ တော်တော်လေးရီရတယ်။ အစကတော့ ဖတ်ရင်းနဲ့ အဟုတ်ထင်နေတာ။ ကိုရီးယားကားတွေ မြန်မာမှာခေတ်စားလာတော့ ကောင်မလေးတွေက ကောင်လေးတွေကို ရီးစားစကားစပြောတဲ့ခေတ်ကို ရောက်ပြီပေါ့လို့ တွက်လိုက်တာ။ ဖတ်ရင်းနဲ့ အဆုံးသတ်ကျတော့ ရီလိုက်ရတာဗျာ။ ဒါကြောင့် အားလုံးရီနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ ရီရင် အသက်ရှည်တယ်လေ။ ကျန်းမာအသက်ရှည်မှ အချိန်ကြာကြာ ချစ်နိုင်မှာလေ။ ဟုတ်တယ်ဟုတ်….

အခိုင်မြဲဆုံး ချစ်ခြင်းမေတ္တာ


“အမေကတော့ ဝမ်းသာမှာသေချာပါတယ်။
အဖေအလုပ်က ပြန်ရောက်ရောက်ချင်း
အမေဘယ်ကိုသွားလဲလို့ အမြဲမေးတတ်တယ်။
အဖေက အိမ်ပြန်ရောက်တာနဲ့ အမေ့ကို တွေ့မြင်ချင်တယ်လေ…

အဖေကတော့ ဝမ်းသာမှာသေချာပါတယ်။
အမေဈေးက ပြန်ရောက်ရောက်ချင်း
အဖေပြန်လာပြီလားလို့ အမြဲမေးတတ်တယ်။
အမေက အိမ်ပြန်ရောက်တာနဲ့ အဖေ့ကို တွေ့မြင်ချင်တယ်လေ…”



- “နှင်းဆီအိပ်မက်” ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲမှာ ဇာတ်ဆောင်တယောက်ပြောသွားတာပါ။ ကိုရီးယားကဗျာလေး ထင်ပါတယ်။ အဲဒါကို ကြည့်ပြီးပြီးချင်းပဲ စာအုပ်ထဲမှာ ကောက်မှတ်လိုက်တာပါပဲ။ အရမ်းသဘောကျသွားလို့ပါ။ ခေါင်းစဉ်ကိုတော့ “အခိုင်မြဲဆုံး ချစ်ခြင်းမေတ္တာ” လို့ အမည်ပေးလိုက်ပါတယ်။

- အချစ်စစ်နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ကြတဲ့ ဘဝတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ အချစ်တွေတိုးပွားလာပြီး သံယောဇဉ်ခိုင်မာလာတယ်ဆိုတာ အမှန်ပါပဲ။ ချစ်ခြင်းတွေပြည့်လျှံနေတဲ့ မိဘနှစ်ပါးရဲ့ အချစ်တွေကိုကြည့်ပြီး သားသမီးတွေက ကြည်နူးစွာပြောလိုက်တဲ့စကားလေးတွေ ဖြစ်မှာပါ။

- အဲဒါလေးကို မျှဝေခံစားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်.....

ဆောင်းအိပ်မက်ကဗျာ

ချစ်သူရယ်…
ငါဟာလေပြေလေးဖြစ်ပြီး မင်းဆံနွယ်ကိုတိုးဝှေ့ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ငါဟာပန်းတစ်ပွင့်ဖြစ်ပြီး မင်းနှုတ်ခမ်းကိုနမ်းရှိုက်ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ငါဟာနှင်းငွေ့လေးဖြစ်ပြီး မင်းကိုထွေးပွေ့ခွင့် ရချင်လိုက်တာ…။
ချစ်သူရယ်…
ပန်းရိုင်းလေးတွေ လေပြည်ညင်းနဲ့အတူ ကခုန်တတ်သွားပြီ။
စိတ်ကောက်နေတဲ့ ပန်းကလေးတွေ နံနက်ခင်းအလင်းနဲ့ အတူပြုံးတတ်ခဲ့ပြီ။
အသည်းအရိုင်းနဲ့ကိုလေ… မင်းအလှတို့အောက် ယိမ်းထိုးသွားလိုက်တာ….

ခံစားရေးဖွဲ့သူ-ဆောင်းအိပ်မက်

Hans Christian Andersen ရဲ့ပုံပြင်

"တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့၊ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ဝမ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။ ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ဝမ်းသာအားရနဲ့ ...
"ဟင်... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။"

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်။
ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။

“အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့”

ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ် ။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနိုင်ပါတယ်။

(ပုံပြင်လေးကို ဘာသာပြန်တဲ့သူ အရမ်းတော်တယ်နော်။ ဘယ်သူလဲမသိဘူး။ ကျွန်တော့်ကိုတော့ တော်တော်မေတ္တာပို့နေကြပြီထင်တယ်။ ကိုယ့်ဘာသာကိုယ် မရေးပဲ သူများရေးထားတာတွေပဲ လိုက်ကူးပြီး ဖော်ပြနေတယ်ဆိုပြီးတော့လေ။ သီးခံပါခင်ဗျာ။ ကျွန်တော်က ကိုယ်တိုင်ရေးဆိုရင် သိပ်မရေးတတ်လို့ပါ။ ဟီးဟီး။)

အချစ်ကိုတပ်ဆင်ခြင်း

အင်ဂျင်နီယာ---"ဘာများ ဝန်ဆောင်ပေးရမလဲ ခင်ဗျာ။"

ဧည့်သည်------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။
ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။"

အင်ဂျင်နီယာ---"ရပါတယ်... တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။"

ဧည့်သည်-----"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ... ဒါပေမယ့် နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"

အင်ဂျင်နီယာ---"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။"

ဧည့်သည်-----"တွေ့ပါပြီ။ ဒါပေမယ့် တချို့ပရိုဂရမ်(program)တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲရှိနိုင်လား။"

အင်ဂျင်နီယာ---"ဘာပရိုဂရမ်(program)တွေ အလုပ်လုပ်နေပါသလဲ။"

ဧည့်သည်-----"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ဝန်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။"

အင်ဂျင်နီယာ---"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင်လိုက်တာနဲ့ အချစ်
ဒဏ်ရာဟောင်းကို အချစ်နည်းစနစ်ဖွဲ့စည်းမှု(system)ကနေ ဖျက်လိုက်မှာပါ။ အဲဒီဒဏ်ရာဟောင်းက
မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိမ့်မယ်။ ဒါပေမဲ့ တခြား
ပရိုဂရမ်(program)တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။
မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင်
အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား"

ဧည့်သည်-----"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"

အင်ဂျင်နီယာ---"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။
မနာလို ဝန်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ
ထပ်သလဲလဲရမ်း(run)ပေးပါ"

ဧည့်သည်-----"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန်
ဟုတ်ပါသလား"

အင်ဂျင်နီယာ---"ဟုတ်ပါတယ်…ဒါပေမယ့် ဒါဟာ အခြေခံအဆင့်ပဲ ရှိပါသေးတယ်။ အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့်(upgrade)ထပ်တိုးသွားနိုင်တယ်။"

ဧည့်သည်-----"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား?
အချစ်ပရိုဂရမ်(program)ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"

အင်ဂျင်နီယာ---"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ
အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို
တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"

ဧည့်သည်-----"ဒါဆို ဘယ်လိုလုပ်ရမလဲ။"

အင်ဂျင်နီယာ---"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက
"ကိုယ့်ကိုကိုယ် ခွင့်လွတ်မှု" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မှု" နဲ့
"ကိုယ်လိုချင်တဲ့ ကန့်သတ်မှု" ဆိုတဲ့ ဖိုင်တွေကို ကော်ပီ(copy)လုပ်ပြီး
ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်(file)တွေကို ဖုံးသွားမှာပါ။
ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်(delete)ပစ်လိုက်ပါ။ နောက်ပြီး (recycle bin) ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"

ဧည့်သည်-----"အင်း.. ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်(file)အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ... ရင်ဘတ်ရဲ့မျက်နှာပြင် (screen)ပေါ်မှာ အပြုံးလေးတွေ တွေ့နေရပါပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က နှလုံးသားမှာ အပြည့် ကော်ပီ(copy)ကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ---"ပုံမှန်ပါပဲ... တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။
တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့
ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပါပြီ။"

အချစ်ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆောင်ထားသင့်တဲ့ ဖရီးဆော့ဖ်ဝဲလ်(free software)တစ်ခု လို့ ကျွန်တော်ပြောဖို့ မေ့သွားတယ်။ အဲဒီ ဆော့ဖ်ဝဲလ်နဲ့ သူ့ထဲက
ဖိုင်တွေကို တခြားလူနဲ့ မျှဝေဖို့ မမေ့ပါနဲ့။ အဲဒီ လူတွေကလည်း
တခြားလူတွေကို ထပ်ပြီးမျှဝေပေးကြမှာပါ။ နောက်ဆုံး အရမ်းကောင်းတဲ့
ဖိုင်တစ်ချို့ ကိုယ့်စီ ပြန်ရောက်လာမှာပါ။


(Forward mail တခုမှ ကူးယူပြီး ပြန်လည်ဖော်ပြထားတာလေးပါ။ အရမ်းသဘောကျလို့ပါ။ ဘယ်သူရေးထားတာလဲတော့ မသိဘူးခင်ဗျ။ သိရင်ပြောပြကြပါဦး။)

ချစ်သူသို့ (၄) ......


ချစ်သူဆိုတာ
ဘယ်ကိုသွားသွား ဘယ်နားနေနေ
ဘာတွေလုပ်လုပ်
သူ့ ကနုတ်ပန်း၊ ရင်ထဲလန်းလျက်
သူ့ အရုပ်လေး၊ ရင်ထဲနွေးလျက်
မတွေ့ဘဲလည်း မြင်နေတတ်တယ်
မနမ်းဘဲလည်း လွမ်းနေတတ်တယ်
မငြိစွန်းဘဲ ခင်တွယ်တယ်
တမျှော်တငေး အနေဝေးတော့
အတွေးလေးနဲ့ ဆွေးရတယ် .....

(အမည်မသိကဗျာဆရာရေ... တကယ်ခံစားပြီး ရေးဖွဲ့ခဲ့တာပဲဗျာ...)

သဝန်တိုတတ်သူ........


  • ကိုကို့ … ကိုချစ်ပါသလား
  • ချစ်ပါတယ် ကိုကိုရယ်…
  • ဘယ်လောက်တောင် ချစ်ပါသလဲ
  • မိုးလောက်ကြီးချစ်ပါတယ်
  • ဘယ်ထဲက ချစ်ပါသလဲ
  • နှလုံးသားထဲက ချစ်ပါတယ်…
  • ဘယ်လောက်ကြာကြာချစ်မှာလဲ
  • ကမ္ဘာတည်သ၍ ချစ်ပါ့မယ်…
  • နတ်ပြည်သွားရင်ရော
  • လိုက်မှာပေါ့…
  • ငရဲပြည်သွားရင်ရော
  • လိုက်မှာပဲ…
  • မြို့ထဲက အနှိပ်ခန်းတွေသွားရင်ရော
  • သွားရဲသွားကြည့် ……. အကြောင်းသိမယ်…

လွမ်းတယ်ချစ်သူ


ကမ္ဘာတစ်ခြမ်းစီမှာ
ကိုယ်ကလည်း သူ့ကိုလွမ်းလို့ ….
သူကလည်း ကိုယ့်ကိုလွမ်းလို့ ….
(အဲသလို)
အလွမ်းတွေကို တံတားထိုးရင်း
“ တစ်နေ့နေ့” ဆိုတာတွေ
စိုက်ပျိုးဖြစ်ခဲ့ ………
မျှော်လင့်ခြင်းသစ်ပင်
အမြန်ရှင်သန်ထမြောက်ပါတော့….


(ကဗျာရေးတဲ့သူကိုမသိပါဘူး... ကျွန်တော်နဲ့ တိုက်ဆိုင်နေတော့ စိတ်ထဲထိသွားလို့... ချစ်သူတိုင်း မဝေးကြပါစေနဲ့ဗျာ...)

အချစ်မိုးလေဝသအထူးသတင်း

အချစ်သက္ကရာဇ် ၁၅ဝဝပြည့်နှစ်
  • အချစ်လဆန်း ၁ ရက်နေ့ တိုင်းတာချက်အရ နှလုံးသားမြို့ကို ဗဟိုပြု၍ ချစ်သူအနီးတဝိုက်တွင် အချစ်မုန်တိုင်းတစ်ခု အားပြုလျက်ရှိပါသည်။
  • ထိုမုန်တိုင်းသည် ပိုမိုအားကောင်းလာကာ အသဲကမ်းရိုးတန်း တလျှောက်နှင့် ရင်ဘတ်ပင်လယ်ပြင်တို့တွင် အချစ်လေပြင်းများ ကျရောက်ပြီး ဝေဒနာလှိုင်းကြီးနိုင်ပါသည်။
  • အချစ်လေပြင်းကျစဉ် ရင်ခုန်နှုန်း အတိုင်းအတာသည် တစ်စက္ကန့်လျှင် အကြိမ်၁၅ဝဝအထိ ပြင်းထန်နိုင်ပါသည်။
အချစ်ဇလဗေဒဦးစီးဌာန

(Forward mail တခုမှပြန်လည်ဖော်ပြထားတာပါ... နဲနဲလေးပြင်ရေးထားပါတယ်...)

ချစ်သူသို့ (၃) ......


ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်။

အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။

မောင်စိန်ဝင်း-ပုတီးကုန်း


ချစ်သူနှင့် အလွန်ဝေးကွာနေသည့်အရပ်သို့ ရောက်နေတဲ့ ကျွန်တော့်အတွက် ရင်ထဲထိသွားတဲ့ ကဗျာလေးတပုဒ်ပါ… ကျွန်တော့်လိုပဲ ဝေးကွာနေကြတဲ့ချစ်သူတွေ ဖတ်မိပြီး ရင်ထဲကို တခုခုရောက်သွားရင် ကျွန်တော်ကျေနပ်ပါတယ်…
ချစ်သူတိုင်း ဝေးကွာရတဲ့ အဖြစ်ဆိုးမျိုးမှ ကင်းလွတ်ကြပါစေ….

(ဆရာ ဦး(မောင်စိန်ဝင်း-ပုတီးကုန်း)အား ခွင့်မတောင်းပဲ ဖော်ပြမိတဲ့အတွက် ဆရာ ကျွန်တော့်ကို ခွင့်လွတ်ပေးပါခင်ဗျာ…)

မာသာထရီဆာ ပြောခဲ့တဲ့စကားလေးပါ….

“ If we cannot love the person whom we see, how can we love god, whom we cannot see? “

“ တကယ်လို့ ကျွန်ုပ်တို့ဟာ အခု မြင်နေရတဲ့သူကိုမှ မချစ်ခင်ရင် မမြင်ရတဲ့ ဘုရားသခင်ကို ဘယ်လိုလုပ် ချစ်ခင်နိုင်မလဲ “
အဓိပ္ပါယ်က ရှင်းရှင်းလေးနဲ့ ထိရောက်လှပါတယ်… အမှန်ပါပဲ… သင့်ရဲ့ ပါတ်ဝန်းကျင်ကလူတွေကို ချစ်ခင်နှစ်သက်တဲ့စိတ်နဲ့ ကြည့်လိုက်ပါ… သင့်ရဲ့ စိတ်တွေကြည်လင်လန်းဆန်းလာပါလိမ့်မယ်…
“ ချစ်တယ် “ လို့ပြောဖို့ အချိန်စောသေးတယ်ဆိုတာ ဘယ်သောအခါမှ မရှိဘူးလို့ သတိပေးလိုက်ပါတယ်နော်....

အမုန်းတရားတွေ ကင်းဝေးပါစေ….

ချစ်သူသို့ (၂) ......



" In my mind,
i always want to think about you
in my hope,
i want to be with you
in my dream,
i want you to be my angle
but in my life,
i don't want to live without you."

LOVE COMES FIRST (အချစ်အရင်လာပါ)

LOVE COMES FIRST ဆိုတဲ့ ဝတ္ထုတိုလေးကို ဘာသာပြန်ထားတာပါ။ သူငယ်ချင်းတယောက် ဘာသာပြန်ထားတာလေးပါ။ သူက ဒါကို ဖတ်ပြီးပြီးချင်းပဲ ချက်ချင်းဘာသာပြန်လိုက်တာ။ ခံစားကြည့်ပါဦး။ အရမ်းမှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မရှိမဖြစ်လိုအပ်တာပါ။ လူတွေအားလုံးရဲ့ လိုအပ်ချက်လေးကို ထိထိမိမိရေးထားတယ်လို့ မြင်ပါတယ်…

နေ့တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာပေါ့။
အမျိုးသမီးကြီး တစ်ယောက်ဟာ သူ့အိမ်ထဲကနေ အထွက်မှာ ရှည်လျားဖြူဖွေးတဲ့ မုတ်ဆိတ်မွှေးတွေနဲ့ အဘိုးအို သုံးယောက် သူ့ရှေ့မလှမ်းမကမ်းမှာ ထိုင်နေကြတာတွေ့ခဲ့ရတယ်။ သူမ သူတို့ကို မမှတ်မိပါဘူး။ ဒါပေမယ့် သူမက သူတို့ကို နှုတ်ဆက်လိုက်ပါတယ်။

ကျွန်မရှင်တို့ကို သိတယ်လို့တော့ မထင်မိဘူး။ ဒါပေမယ့် ရှင်တို့ကြည့်ရတာ ဘာမှမစားရသေးဘူးနဲ့တူတယ်။
အိမ်ထဲကိုဝင်ပြီး တစ်ခုခု စားကြပါဦးလား။

သူတို့တွေက ပြန်မေးကြတယ်။

အိမ်ထဲမှာ ယောကျာင်္းသားတစ်ယောက်ယောက်များရှိသလား မိန်းကလေး။

ဟင့်အင်း ... မရှိပါဘူးရှင်။ သူအပြင်ထွက်သွားပါတယ်။

လို့ အမျိုးသမီးက ပြန်ဖြေတယ်။ အဲဒီတော့ အဘိုးအို သုံးယောက်ကလည်း ....

ဒါဆိုရင်တော့ ကျုပ်တို့ဝင်လို့ မဖြစ်သေးဘူး။

လို့ ပြန်ဖြေလိုက်ကြတယ်။ ညနေစောင်းလို့ သူ့ခင်ပွန်းအိမ်ကို ပြန်လာတဲ့ အချိန်ကျတော့ အမျိုးသမီးက မနက်ကအဖြစ်အပျက်အကြောင်း သူ့ခင်ပွန်းကို ပြန်ပြောပြခဲ့တယ်။
အဲဒီတော့ ခင်ပွန်းလုပ်တဲ့ သူက ....

ဒါဆိုလည်း အခုငါအိမ်ပြန်ရောက်ပြီလို့ ထွက်ပြောပြီး သူတို့ကို အိမ်ထဲဝင်ဖို့ ဖိတ်လိုက်လေကွာ။

လို့ သူ့မိန်းမကို တိုက်တွန်းလိုက်တယ်။ ဇနီးလုပ်တဲ့ သူကလည်း အိမ်အပြင်ကိုထွက်ပြီး အဘိုးအို သုံးယောက်ကို အိမ်ထဲဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် အဘိုးအို သုံးယောက်က ဘာပြန်ပြောလဲ ဆိုတော့ ....

တို့ သုံးယောက်က အိမ်တစ်အိမ်ထဲကို အတူတူတွဲပြီး ဝင်လို့မရဘူး ကလေးမရဲ့။

လို့ဆိုကြတယ်။ အဲတော့ အမျိုးသမီးက ....

ဘာဖြစ်လို့လဲ ရှင့်။

လို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အဘိုးအို သုံးယောက်ထဲက တစ်ယောက်က ထွက်လာပြီး ....

ကလေးမ ... ငါ့နာမည်ကတော့ ဦးကြွယ်ဝ လို့ခေါ်တယ်။

ပြီးတော့ ကျန်တဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကိုပါ တစ်ယောက်တစ်လှည့်စီ လက်ညှိုးထိုးပြပြီး ....

သူ့နာမည်ကတော့ ဦးအောင်မြင် နဲ့ သူကတော့ ဦးချစ်သူ….

လို့တစ်ယောက်ချင်းစီ မိတ်ဆက်ပေးပြီး တစ်ဆက်တည်းမှာပဲ ....

ကဲ ကလေးမ ညည်းအိမ်ထဲကို ပြန်ဝင်ပြီး ငါတို့ သုံးယောက်ထဲက ဘယ်သူ့ကို ဖိတ်မှာလဲ ဆိုတာ ညည်းခင်ပွန်းနဲ့ တိုင်ပင်လိုက်ပါဦး။

လို့ ပြောလိုက်တယ်။ အမျိုးသမီးလည်း အိမ်ထဲကို ပြန်ဝင်သွားပြီ သူ့ယောကျာင်္းကို အကြောင်းစုံပြောပြတယ်။ အဲဒီမှာ သူ့ယောကျာင်္းက အရမ်းကို ပျော်သွားပြီး ....

ဟား ..... ဘယ်လောက်များကောင်းလိုက်လဲ မိန်းမရေ .... ဒီလိုဆိုရင်တော့ ဦးကြွယ်ဝကိုပဲ တို့တွေဖိတ်လိုက် ကြရအောင် .... သူ့ကိုအိမ်ထဲ ဖိတ်ပြီး တို့တစ်အိမ်လုံးကို ကြွယ်ဝပြည့်စုံမှုတွေနဲ့ ဖုံးလွှမ်းပစ်လိုက်ကြတာပေါ့။

လို့ အကြံပြုလိုက်တယ်။ ဒါပေမယ့် မိန်းမလုပ်တဲ့သူက သဘောမတူပါဘူး။ သူ့ယောကျာင်္းရဲ့ ထင်မြင်ချက်ကို သူမကလည်း သူ့အတွေးနဲ့ တုံ့ပြန်လိုက်ပါတယ်။

အကိုကလည်း .... ဘာလို့ ဦးအောင်မြင် ကိုကျတော့ မဖိတ်ချင်ရတာလဲ။

အဲဒီအချိန်မှာ အိမ်ရဲ့ ထောင့်တစ်နေရာမှာ ရပ်ပြီး အကြောင်းစုံကို နားထောင်နေတဲ့ ချွေးမလုပ်တဲ့သူက သူ့အတွေး နဲ့ စကားဝိုင်းထဲကို ဝင်ပြီး အကြံပေးလိုက်ပါတယ်။

ဦးချစ်သူ ကို ဖိတ်ရင်ရော မကောင်းဘူးလား အမေ။ သူ့ကိုသာ ဖိတ်လိုက်ရင် သမီးတို့ တစ်အိမ်လုံး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်လွှမ်းပြီး အရမ်းပျော်ဖို့ကောင်းသွားမှာ .. တဲ့။

ချွေးမလုပ်တဲ့သူရဲ့ စကားကို ကြားရပြီးတဲ့နောက်မှာ ယောကျာင်္းလုပ်သူက သူ့မိန်းမကို .....

ဒီလိုဆိုရင်လည်း တို့သမီးရဲ့ စကားကိုပဲ အတည်ပြုလိုက်ကြရအောင်ကွာ .... ကဲမိန်းမရေ .... အပြင်ထွက်ပြီး ဦးချစ်သူကိုပဲ တို့ဧည့်သည်အဖြစ်နဲ့ အိမ်ထဲကို ဖိတ်ခဲ့ပါတော့။

လို့ ပြောလိုက်တယ်။ မယားဖြစ်တဲ့ သူလည်းအပြင်ကိုထွက်သွားပြီး အဘိုးအို သုံးယောက်ကို ....

ရှင်တို့ထဲက ဘယ်သူက ဦးချစ်သူလဲ .... သူ့ကို ကျွန်မတို့ရဲ့ ဧည့်သည်အဖြစ်နဲ့ ဧည့်ခံဖို့ အိမ်ထဲကို ဖိတ်ပါတယ်ရှင်။

လို့ပြောလိုက်ပါတယ်။ အဲဒီအခါမှာ ဦးချစ်သူ ဆိုတဲ့သူထလာပြီး အိမ်ထဲကို ဝင်ဖို့ ခြေလှမ်းပြင်လိုက်တယ်ဆိုရင်ပဲ ကျန်တဲ့ အဘိုးအိုနှစ်ယောက်ကလည်း ထလာပြီး သူ့နောက်ကနေလိုက်ဝင်ဖို့ ဟန်ပြင်လိုက်တာကို အဲဒီ့အမျိုးသမီး တွေ့လိုက်ရတယ်။ အမျိုးသမီးလုပ်တဲ့ သူလည်း အံ့အားတသင့်နဲ့ .....

ကျွန်မဖိတ်တာ ဦးချစ်သူတစ်ယောက်တည်းပါ .... ရှင်တို့က ဘာလို့လိုက်လာရတာလဲ။

လို့ ဦးကြွယ်ဝ နဲ့ ဦးအောင်မြင် ကို မေးလိုက်တယ်။ အဲဒီအခါမှာ အဘိုးအို သုံးယောက်လုံးက တညီတညာတည်း နဲ့ ......

ကလေးမ .... မင်းကသာ ဦးကြွယ်ဝ ဒါမှမဟုတ် ဦးအောင်မြင် တစ်ယောက်ယောက်ကိုများ ဖိတ်ခဲ့မယ်ဆိုရင် ကျန်တဲ့ နှစ်ယောက်က အပြင်မှာ နေကိုနေခဲ့ရလိမ့်မယ်။ ဒါပေမယ့် အခုမင်းက ဦးချစ်သူကို ဖိတ်ခဲ့တာမို့လို့ သူဘယ်နေရာကိုသွားသွား ငါတို့က တူတူ လိုက်ရတော့မှာပေါ့။

"အချစ်ဆိုတဲ့အရာက ဘယ်နေရာမှာပဲရှိရှိ၊ သူရှိတဲ့ နေရာမှာ အောင်မြင်မှုနဲ့ ချမ်းသာမှုက ရှိစမြဲပဲလေ..."

လို့ပြောလိုက်ကြတယ်တဲ့။


There are only 4 questions
but the results are very interesting.
I was kind of shocked by what some of my answers meant.
Be honest and honor
what pops into your mind
when the questions present themselves.

အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းလေးတွေပါ။ ဝင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ တိဗက်က နိုဗယ်ဆုရထားတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားက စမ်းသပ်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။ သင့်ကို ပျော်ရွှင်ဖွယ် စိတ်လှုပ်ရှားမှုတခုခုပေးနိုင်မှာပါ…
အနီရောင်ပြထားတဲ့ ဒီ link လေးကို ဝင်ကြည့်နိုင်ပါတယ်….

ချစ်သူသို့ ......


လက်နဲ့မရေး
အသက်နဲ့ရေးတဲ့…
ဆေးနဲ့မခြယ်
သွေးနဲ့ခြယ်လေတဲ့…
ဘယ်တော့ဖြစ်ဖြစ်
ထာဝရသစ်လွင်
အချစ်… မြင်လား
ပန်းချီကား
နှလုံးသားနံရံမှာ……

မင်းဆီကို ....


မိုင်တွေကွာခြား
ဝေးနေငြားလည်း
ရင်မှာတမ်းတ
အမြဲထာဝရ
သတိရနေမှာပါ…
တကယ်လို့များ
သတိရခြင်းဟာ
ငှက်ကလေးတစ်ကောင်ဆို
မင်း……ဆီ…..ကိုယ်
အမြန်ဆုံး ပြန်လာခဲ့မယ်
ချစ်ရယ်…

(ကောင်မလေး)

အချစ်ကို ဘယ်လိုမြင်လဲ?


အချစ်ဆိုတာ ပေးဆပ်ခြင်းလား၊ ရယူခြင်းလား။
အတိအကျတော့ ဘယ်သူမှ
ပြောနိုင်မယ်မထင်ဘူးလေ။
ဘာဖြစ်လို့လဲ ဆိုတော့
အချစ် ဆိုတာ
အရမ်းခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်နဲ့တူတယ်လေ။
တခါတလေကျတော့လဲ
အရမ်းလွယ်တဲ့ ပုစ္ဆာဖြစ်နေပြန်ရော။
အဲဒါကို လက်ခံလား?

ထူးဆန်းတယ်နော်...
အချစ်ဆိုတာ ကိုယ့်ကြောင့် သူတပါး
(ကိုယ်ချစ်တဲ့သူ) စိတ်ချမ်းသာသွားတာမျိုး
ဖြစ်မယ်ထင်တယ်နော်…..

i love u .....

အရမ်းရိုးရှင်းတဲ့ စကားလေးတစ်ခွန်းပါ...
ချစ်သူတွေအတွက်တော့
ဘယ်တော့မှ မရိုးသွားတာ
အံ့သြစရာမဟုတ်ပါဘူးလို့ထင်ပါတယ်...
ဘာဖြစ်လို့လဲဆိုတာ ဘယ်သူပြောနိုင်မလဲ မသိဘူးနော်....

Newer Posts Home